ပြင်ဦးလွင်ခရိုင် မီးသတ်ဦးစီးဌာနမှ မီးခိုးနှင့်အမှောင်ထုအတွင်း ပိတ်မိနေသော လူနာအား ရှာဖွေကယ်ဆယ်ခြင်းနှင့် ယာဉ်တိုက်မှုမှ လူနာအား ကယ်ဆယ်သရုပ်ပြမှု ဆောင်ရွက်

ပြင်ဦးလွင် ဇူလိုင် ၁

မန္တလေးတိုင်ဒေသကြီး ပြင်ဦးလွင်ခရိုင် မီးသတ်ဦးစီးဌာနမှ မီးခိုးနှင့် အမှောင်ထုအတွင်း ပိတ်မိနေသော လူနာအား ရှာဖွေကယ်ဆယ်ခြင်းနှင့် ယာဉ်တိုက်မှုမှ လူနာအားကယ်ဆယ်သရုပ်ပြမှုအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး(၆)ရှိ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ပြင်ဦးလွင်တွင် ကျင်းပသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ပြင်ဦးလွင်ခရိုင်နှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊ ရတနာပုံနယ်မြေ မီးသတ်စခန်းတို့ရှိ တပ်ဖွဲ့ဝင်များ၊ သန္တိသုခပရဟိတလူမှုကူညီရေးအသင်းမှ အသင်းသားများဖြင့်က အထပ်မြင့်အဆောက်အဦ၏ အခန်းအတွင်း မီးခိုးထဲ၌ ပိတ်မိနေသောလူနာအား (B.A Set)ခေါ် အသက်ရှုကိရိယာအသုံးပြု၍ ဝင်ရောက်ရှာဖွေကယ်ဆယ်ခြင်း သရုပ်ပြမှုအစီအစဉ်နှင့် ယာဉ်တိုက်မှုမှ ကားမီးစွဲတောက်လောင်ခြင်းအား ငြှိမ်းသတ်ခြင်းနှင့် ယာဉ်အတွင်းညပ်နေသော လူနာများအား ကယ်ဆယ်ရေးပစ္စည်းများ အသုံးပြု၍ ကယ်ဆယ်ခြင်းတို့ကို လက်တွေ့သရုပ်ပြခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်ဇော်ဦးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်အောင်လွင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်မီးသတ်တပ်ဖွဲ့မှူးနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့မှူး၊ ခရိုင်နှင့်မြို့နယ်အဆင့် ဖိတ်ကြားထားသော ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများက သရုပ်ပြမှုများကို ကြည့်ရှုအားပေးလေ့လာခဲ့ကြကြောင်း သိရသည်။

ဖြူလူသစ်(ခရိုင်၊ ပြန်/ဆက်)