မိုင်းဆတ် ဇူလိုင် ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ခရိုင်၊ မြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ ရုံးလုပ်ငန်းမွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၈)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်ဆွေမြင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်က ရုံးလုပ်ငန်းမွမ်းမံသင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်ဆွေမြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးမြင့်နှင့် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး သင်တန်းကို ဇူလိုင်လ(၁)ရက်နေ့မှ (၅)ရက်နေ့အထိ သင်တန်းနည်းပြ (၄) ဦးမှ သင်တန်းသား၊ သင်တန်းသူ (၅၀) ဦးအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သမိုင်းကြောင်းအကျဉ်းချုပ်၊ ဌာနမှဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းတာဝန်များ၊ ရုံးဝန်ထမ်းဖွဲ့စည်းပုံအဆင့်ဆင့်၊ ဌာန၏ဆောင်ပုဒ်များနှင့် သစ္စာအဓိဋ္ဌာန် (၆) ချက်၊ စံ (၅)ရပ်၊ ဝန်ထမ်းကျင့်ဝတ် စသည့်သင်ခန်းစာများကို ရက်သတ္တပတ် (၅)ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြင့်မောင်(မိုင်းဆတ်)