ဝမ်းတွင်းမြို့နယ်၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

ဝမ်းတွင်း ဇူလိုင် ၁

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့က မြောက်ဇောင်ဂျမ်းကုန်းကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူး ဝေဟန်ကျော်၊  ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဟာမန်၊ မိတ္ထီလာခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲလွင်နှင့် မြို့နယ်သစ်တောဦးစီးဌာနမှူးတို့ကတို့က ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွာခွဲတာဝန်ခံများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများထံ ပျိုးပင်များ ပေးအပ်ခဲ့ကြပြီး ကြွရောက်လာသော ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ပြည်သူများက ပျိုးပင်များကို တစ်ပျော်တစ်ပါး စိုက်ပျိုးခဲ့ကြကာ သစ်ပင်များစိုက်ပျိုးနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးဝေဟန်ကျော်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက လှည့်လည်ကြည့်ရှုခဲ့ကြသည်။

အဆိုပါ  ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်တွင် သစ်မျိုးများဖြစ်သည့် တမာ(၂၅)ပင်၊ ယင်းမာ(၅၀)ပင်၊ မယ်ဇလီ(၅၀)ပင်၊ သပြေဘူတ(၂၅)ပင်၊ စိန်ပန်း(၅၀)ပင် စုစုပေါင်း သစ်မျိုးသစ်ပင်(၂၀၀)ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြပြီး အခမ်းအနားအပြီးတွင်  အမှတ်တရ စုပေါင်းမှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)