နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦး နေပြည်တော်ကောင်စီနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီတို့၏၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားတက်ရောက်၊ စာကြည့်တိုက်အဆောက်အဦအသစ် တည်ဆောက်မည့် မြေနေရာများအား ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇွန် ၃၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရန်၊ ရာသီဥတုသာယာမျှတကောင်းမွန်စေရန်၊ ဂေဟစနစ်ထိန်းသိမ်းနိုင်ရန်၊ ပြည်သူများ အေးချမ်းပျော်ရွှင်စွာ အပန်းဖြေနိုင်ရန်နှင့် သစ်ပင်၊ သစ်တောများ၏ အကျိုးကျေးဇူးကို သိရှိနားလည်ပြီး သစ်ပင်၊ သစ်တောထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူများတက်ကြွစွာ ပူးပေါင်းပါဝင်လာစေရန်ရည်ရွယ်၍ နေပြည်တော်ကောင်စီနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီတို့၏ ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်လမ်း(ရာဇသင်္ဂဟလမ်းမှ တော်ဝင်ရတနာလမ်းအထိ) မြေနေရာ၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်ဦးသန်းထွန်းဦးနှင့်ဇနီး၊ နေပြည်တော်ကောင်စီဝင်များနှင့် ဇနီးများ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဒုတိယမြို့တော်ဝန်၊ နေပြည်တော်ကောင်စီနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီတို့မှ ဌာနဆိုင်ရာအကြီးအကဲများနှင့်ဇနီးများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့ နာယကနှင့်တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် အသင်းအဖွဲ့များမှ တာဝန်ရှိများနှင့် မြို့မိမြို့ဖများ တက်ရောက်ကြသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်ဦးသန်းထွန်းဦးနှင့်ဇနီးတို့က မိုးရာသီသစ်ပင် စိုက်ပျိုးပွဲအမှတ်တရအဖြစ် ကုက္ကိုပင်များကို စိုက်ပျိုးပေးကြသည်။ ထို့နောက် နေပြည်တော်ကောင်စီဝင်များနှင့်ဇနီးများ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဒုတိယမြို့တော်ဝန်၊ နေပြည်တော်ကောင်စီနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီတို့မှ ဌာနဆိုင်ရာအကြီးအကဲများနှင့်ဇနီးများက သတ်မှတ်နေရာများအလိုက် ကုက္ကိုပင်များကို အသီးသီးစိုက်ပျိုးကြသည်။

ယင်းနောက် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဖိတ်ကြားထားသည့်အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် မြို့မိမြို့ဖများက သတ်မှတ်နေရာများအလိုက် ကုက္ကိုပင်များကို စိုက်ပျိုးကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်နှင့်တာဝန်ရှိသူများက သစ်ပင်များ စုပေါင်းစိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်ဗိုလ်မှူးကြီးရဲမိုး၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် တပ်ကုန်းမြို့နယ် မန်ကျည်းပင်ကျေးရွာအုပ်စု၊ ရေတွင်းဖြူကျေးရွာ ရွှေဟိန်းဆန်စက်အနီးတွင် EM ဘိုကာရှီသဘာဝမြေဩဇာပြုလုပ်ခြင်း ကွင်းသရုပ်ပြပွဲသို့သွားရောက်၍ တောင်သူများနှင့် တွေ့ဆုံသည်။

အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ၂၀၂၃-၂၀၂၄ ခုနှစ် တပ်ကုန်းမြို့နယ်အတွင်း ချည်မျှင်ရှည်ဝါရိတ်သိမ်းပြီးစီးမှုအခြေအနေ၊ ၂၀၂၄-၂၀၂၅ ခုနှစ် ချည်မျှင်ရှည်ဝါ အထူးဇုန်စိုက်ပျိုးမည့်လျာထားချက်များ၊ မိုးစပါးကြဲခင်းစနစ်ပပျောက်ရေးအတွက် စိုက်ပျိုးရန်စက်ကိရိယာများဆောင်ရွက်ထားရှိမှုအခြေအနေနှင့်  စိုက်နည်းစနစ်များကိုလည်းကောင်း၊ နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူးက စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက် နှုန်းထွက်ရှိရေးအတွက် လိုက်နာဆောင်ရွက်ရမည့်ကိစ္စရပ်များနှင့် မိုးစပါးစိုက်ပျိုးရာတွင် မျိုးစေ့ချကိရိယာများဖြင့် စိုက်ပျိုးနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုများကိုလည်းကောင်း၊  နေပြည်တော် စက်မှုလယ်ယာဦးစီးဌာန တိုင်းဦးစီးမှူးက မိုးစပါးစိုက်ပျိုးရာတွင် မျိုးစေ့ချကိရိယာများနှင့် စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများကိုလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နေပြည်တော်တွင် စပါးအပါအဝင် အဓိကသီးနှံ(၁၀)မျိုးကို စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်းအစရှိသည့် နည်းလမ်းလေးရပ်ကို စနစ်တကျ လက်တွေ့လိုက်နာ ဆောင်ရွက်ကြရမှာ‌ဖြစ်ကြောင်း၊ မျိုးကောင်းမျိုးသန့်များသုံးစွဲခြင်း၊ မြေများကို စနစ်တကျပြုပြင်ခြင်း၊ သတ်မှတ်သွင်းအားစုများ လုံလုံလောက်လောက်ထည့်သွင်းပေးခြင်း၊ စိုက်ပျိုးရေများကို စနစ်တကျသုံးစွဲခြင်း၊ စိုက်နည်းစနစ်များ ပြောင်းလဲစိုက်ပျိုးခြင်းတို့ကို လိုက်နာဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ မိုးစပါးစိုက်ပျိုးရာတွင် ကြဲပက်စိုက်ပျိုးခြင်းကို အသုံးမပြုဘဲ မျိုးစေ့ချကိရိယာ၊ ကောက်စိုက်စက်တို့ဖြင့် စိုက်ပျိုးနိုင်ရေး အလေးထားဆောင်ရွက်စေလိုကြောင်း၊ တစ်နှစ်သုံးသီး စိုက်ပျိုးနိုင်ရေးနှင့် သီးထပ်စွမ်းအားများ တိုးတက်လာစေရေးတို့ကို အလေးထား ဆောင်ရွက်ကြစေလိုကြောင်း၊ ဆီထွက်သီးနှံများတိုးချဲ့ စိုက်ပျိုးစေလိုကြောင်း၊ နေပြည်တော်အတွင်း လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများနှင့်တောင်သူများက တက်ညီလက်ညီ အားသွန်ခွန်စိုက်ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် တက်ရာက်လာကြသည့် တောင်သူများက လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦးက သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာနမှ EM ဘိုကာရှီ သဘာဝမြေဩဇာပြုလုပ်ခြင်း လက်တွေ့သရုပ်ပြမှုကို ကြည့်ရှုအားပေးသည်။ ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် ရွှေဟိန်းဆန်စက်အတွင်း တစ်ရက်လျှင် တန် ၁၀၀ ကျ ဆန်စက်လည်ပတ်ကြိတ်ခွဲနေမှုနှင့် စပါးအခြောက်ခံမှုလုပ်ငန်းအား ကြည့်ရှုအားပေးပြီး ဆန်အရည်အသွေးမြင့်မားရေးနှင့် ဆန်စက်စွမ်းအားပြည့် လည်ပတ်နိုင်စေရေး မှာကြားပြီး  လိုအပ်သည်များကို ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ်၊ ခရမ်းစပ်ကုန်းကျေးရွာအုပ်စု၊ ပေတောကျေးရွာတွင် မိုးစပါးအခြောက်မျိုးစေ့ချကိရိယာ(Dry Seeder)ဖြင့် စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲသို့ တက်ရာက်သည်။

အခမ်းအနားတွင် နေပြည်တော်စက်မှုလယ်ယာဦးစီးဌာန တိုင်းဦးစီးမှူးက မိုးစပါးစိုက်ပျိုးရာတွင် မျိုးစေ့ချကိရိယာများနှင့် စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများကိုလည်းကောင်း၊ နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူးက စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက် နှုန်းထွက်ရှိရေးအတွက် လိုက်နာဆောင်ရွက်ရမည့်ကိစ္စရပ်များကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦးက ယခုမိုးစပါးအခြောက်မျိုးစေ့ချ ကိရိယာ(Dry Seeder)ဖြင့် စိုက်ပျိုးခြင်း သရုပ်ပြအပြင် မိုးစပါးစိုက်ပျိုးမည့် လယ်မြေများအားလုံး အမှန်တကယ်ထိထိရောက်ရောက် စိုက်ပျိုးနိုင်ရေးကို ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ သီးနှံများ ပန်းတိုင်အထွက်နှုန်း ပြည့်ဝစွာထွက်ရှိရေးကို အလေးထားဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ခရမ်းစပ်ကုန်းကျေးရွာအုပ်စုမှ တောင်သူများအား မျိုးစေ့ချကိရိယာများကိုပေးအပ်ပြီး တောင်သူများနှင့်အတူ မိုးစပါးအခြောက်မျိုးစေ့ချကိရိယာ(Dry Seeder)ဖြင့် စိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးသည်။ ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ်၊ ကံကြီးမွေးမြူရေးဇုန်ရှိ (ဖန်ဟွ)နိုစားနွားမွေးမြူရေးခြံတွင် မွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေသူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း စားရေရိက္ခာဖူလုံစေရေးအတွက် အဓိကကျသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများကို တိုးချဲ့ဆောင်ရွက်စေလိုကြောင်း၊ မွေးမြူရေးထုတ်ကုန် မြင့်မားရေးအတွက် တိရစ္ဆာန်များမွေးမြူရာတွင် မိရိုးဖလာမွေးမြူနည်းအတိုင်း လွှတ်ကျောင်းမွေးမြူခြင်းထက် ခြံခတ်မွေးမြူပြီး မျိုးကောင်းမျိုးသန့်များ မွေးမြူခြင်း၊ နည်းစနစ်တကျ ကျွေးမွေးခြင်းတို့ကို ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ သား၊ ငါး ကဏ္ဍတိုးတက်ထုတ်လုပ်နိုင်ရေးအတွက် မွေးမြူရေးဇုန်များနှင့် ဇုန်ပြင်ပများတွင် သတ်မှတ်အရေ အတွက်များထက် တိုးချဲ့ပြီး မွေးမြူနိုင် ရေးကို ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ မွေးမြူရေးလုပ်ငန်း ရှင်များ၏ အားနည်းချက်၊ အားသာချက်များကိုဖော်ထုတ်ပြီး မွေးမြူရေးလုပ်ငန်းများ တိုးတက်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိုင်းဦးစီးမှူးက ကံကြီးမွေးမြူရေးဇုန်တွင် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ဆက်လက်မွေးမြူမည့် အခြေအနေများကိုလည်ကောင်း၊ မွေးမြူရေးလုပ်ငန်းရှင်များက  လက်ရှိနို့စားနွားများ မွေးမြူထားရှိမှုအခြေအနေများ၊ ဆက်လက်တိုးချဲ့မွေးမြူမည့် လုပ်ငန်းစဉ်များကိုလည်းကောင်း ရှင်းလင်းတင်ပြကြရာ  နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးပြီး (ဖန်ဟွ)နို့စားနွားမွေးမြူရေးခြံတွင် နိုးစားနွားများမွေးမြူထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးသည်။

ထိုမှတစ်ဆင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ်၊ သပြေချောင်းကျေးရွာအုပ်စု၊ သပြေချောင်းကျေးရွာရှိ ပန်းသပြေကျေးရွာစာကြည့်တိုက်သို့သွားရောက်၍ စာကြည့်တိုက်အတွင်း စာအုပ်၊ စာစောင်များ ထားရှိမှုအခြေအနေများနှင့် လူငယ်လူရွယ်များ စာပေဖတ်ရှုလေ့လာနေမှုများကို ကြည့်ရှုအားပေးပြီး စာကြည့်အတွက် ငွေပဒေသာပင်နှင့်စာအုပ်များ ပေးအပ်လှူဒါန်းကာ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေး၊ သုတရသစာအုပ်စာစောင်များ ပြည့်စုံစွာထားရှိရေး၊ နေ့စဉ်ထုတ်သတင်းစာများထားရှိရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်ကြစေလိုကြောင်း မှာကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် ဇေယျာသီရိမြို့နယ်၊ ပုပ္ပါးကုန်းရပ်ကွက်နှင့် ပြည်စံအောင်ရပ်ကွက်တို့တွင် စာကြည့်တိုက်ဆောက်လုပ်မည့် မြေနေရာများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)