ကျောက်ဆည် ဇွန် ၃၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ငါးလုံကုန်းကျေးရွာတွင် စိုက်ပျိုးထားသော နှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းကာ ရောင်းချရာတွင် နှမ်းတစ်တင်းလျှင် ငွေကျပ်(၁)သိန်းကျော် ရောင်းချရသဖြင့် နှမ်းစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် နှမ်းသီးနှံများကို ဇော်ဂျီဆည်၏ မင်းရဲမြောင်းရေဖြင့် (၁၈၆၆)ဧက၊ သင်းတွဲမြောင်းရေဖြင့်(၂၉၄၆)ဧက၊ ငပြောင်မြောင်းရေဖြင့် (၂၃၃၄)ဧက၊ ဇီးတောမြောင်းရေဖြင့် (၄၂၀)ဧက၊ နွားတက်မြောင်းရေဖြင့် (၁၁၂၁၃)ဧက၊ တမုတ်မြောင်းရေဖြင့် (၃၉၄၄)ဧက၊ အထက်လင်းဇင်းမြောင်းရေဖြင့် (၆၅၀)ဧက၊ ကင်းတားဆည်၏ သင်းဒီးမြောင်းရေဖြင့်(၄၅၅၉)ဧက၊ ထုံးကြီးမြောင်းရေဖြင့် (၂၈၀)ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
နှမ်းသီးနှံများ စိုက်ပျိုးရာတွင် ပက်ကျဲစနစ်၊ တန်းဆွဲစနစ်၊ ဘောင်စိုက်စနစ် ဟူ၍ အမျိုးမျိုး စိုက်ပျိုးနိုင်ကြေင်းနှင့် သိပ္ပံနည်းကျဘောင်စိုက်စနစ်ဖြင့် စိုက်ပျိုးပါက အပင်သားခွဲရာတွင် လွယ်ကူခြင်း၊ ပေါင်းရှင်းရာတွင် အပင်မနာခြင်း၊ ရေလိုအပ်ပါက ထိန်းညှိသွင်းပေးခြင်းများ ပြုလုပ်နိုင်သဖြင့် နှမ်းစိုက်ခင်းများ ပိုမိုဖြစ်ထွန်းကြောင်းနှင့် ကျောက်ဆည်မြို့နယ်တွင် ဆင်းရတနာ(၄) နှမ်းအဖြူမျိုးများ အဓိကထားစိုက်ပျိုးကြပြီး နှမ်းသီးနှံများ အောင်မြင်ဖြစ်ထွန်းစေရေးနှင့် အထွက်နှုန်း ကောင်းမွန်စေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများမှ တောင်သူများနှင့် ပူးပေါင်းပြီး နည်းပညာများ စနစ်တကျ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)