ဗန်းမော်မြို့ ‌မြေနိမ့်ရပ်ကွက်များတွင် မြစ်ရေကြီးမှုအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး အသိပေးလိုက်လံနှိုးဆော်

ဗန်းမော် ဇွန် ၃၀

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့တွင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီ၏ကြီးကြပ်မှုဖြင့် ဗန်းမော်မြို့နယ် မီးသတ်ဦးစီးဌာနတာဝန်ခံ ဦးစည်သူအောင်နှင့် မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများ ပူးပေါင်း၍ ရေဘေးကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်မှုကို ယနေ့နံနက်(၁၀)နာရီခွဲအချိန်မှစတင်၍ မြေနိမ့်ပိုင်းရပ်ကွက်များနှင့် ဧရာဝတီမြစ်ကမ်းနံဘေးတစ်လျှောက်ရှိ ရပ်ကွက်များသို့ လှည့်လည်အသိပေး နှိုးဆော် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

အဆိုပါနှိုးဆော်မှုတွင် ဗန်းမော်မြို့အတွင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ နံနက်(၁၀)နာရီခွဲအချိန် တိုင်းတာချက်အရ ဧရာဝတီမြစ်ရေသည် (၈၇၉) စင်တီမီတာသို့ ရောက်ရှိနေပြီး ဗန်းမော်မြို့၏ စိုးရိမ်ရေအမှတ်မှာ (၁၁၅၀)စင်တီမီတာဖြစ်ပါသောကြောင့် စိုးရိမ်းရေအမှတ်သို့ ရောက်ရှိရန် (၉)ပေခန့်သာ လိုအပ်တော့ကြောင်းနှင့် ယမန်နေ့တွင် မြစ်ကြီးနားမြို့ရှိ ဧရာဝတီမြစ်ရေသည် (၁၄)ပေခန့် မြင့်တက်လာပြီး ယခုအချိန်ထိ တဖြည်းဖြည်း ဆက်လက်မြင့်တက်လာနေသည့်အတွက် ၎င်းမှကျဆင်းလာသောရေသည် ဗန်းမော်မြို့၏ စိုးရိမ်ရေအမှတ်သို့ (၇၂)နာရီအတွင်း ရောက်ရှိလာနိုင်ပါသဖြင့် မြေနိမ့်ပိုင်းရပ်ကွက်များနှင့် ကျေးရွှာများတွင်နေထိုင်ကြသည့် ပြည်သူများအနေဖြင့် လူ၊ ပစ္စည်း၊ တိရိစ္ဆာန်များအား ဘေးလွတ်ရာနေရာသို့ ပြောင်းရွေ့ထားကြရန်နှင့် ရေဘေးကြိုတင် ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြပါရန် အသိပေးနှိုးဆော်ခဲ့ကြကြောင်း သိရှိရသည်။

ရှိုးသီဟ (ပြန်/ဆက်)