မလှိုင် ဇွန် ၃၀
မလှိုင်မြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ၂၀၂၃ ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲတို့တွင် ဖြေဆိုအောင်မြင်တော်မူကြသော စာအောင်သံဃာတော်နှင့် သာသနာ့နွယ်ဝင်သီလရှင်(၄၂)ပါးတို့အား ဂုဏဝိသိဋ္ဌပူဇာမင်္ဂလာနှင့်စူဠဘွဲ့နှင်းသဘင်အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေ(၃)နာရီအချိန်တွင် မလှိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန “ဇေယျာအောင်သံ”အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပြီး မြို့နယ်သံဃာ့နာယကအဖွဲ့ ဥက္ကဋ္ဌ(ရွှေကျင်)ရှစ်မျက်နှာပရိယတ္တိစာသင်တိုက်ပဓာနနာယက ဆရာတော်ဘဒ္ဒန္တကဉ္စနနှင့် မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ(သုဓမ္မာ) ကမ္ဘာအေးကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တဥက္ကံသဆရာတော်တို့ထံမှ သြဝါဒခံယူခဲ့ကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးမင်းထက်က သာဿနာရေးဆိုင်ရာများနှင့်ပတ်သက်၍ သာသနာတော်အဓွန့်ရှည်တံ့ခိုင်မြဲစေရေးအတွက် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲတို့တွင် ဖြေဆိုအောင်မြင်တော်မူကြသော စာအောင်သံဃာတော်များနှင့် သာသနာ့နွယ်ဝင်သီလရှင်တို့အား “ဂုဏဝိသိဋ္ဌပူဇာမင်္ဂလာနှင့်စူဠဘွဲ့နှင်းသဘင်အခမ်းအနား” စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းစဉ်များအား ရှင်းလင်းလျှောက်ထားခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာအကြီးအကဲများက အထွေထွေဆွေးနွေးတင်ပြခဲ့ရာ ၂၀၂၄ ခုနှစ် ဂုဏဝိသိဋ္ဌပူဇာမင်္ဂလာနှင့်စူဠဘွဲ့နှင်းသဘင်ပွဲကို (၉.၇.၂၀၂၄)ရက်နေ့တွင် လေးမျက်နှာပရိယတ္တိစာသင်ကျောင်းတိုက်၌ နေ့ဆွမ်းများဆက်ကပ်ပြီး မွန်းလွဲ(၁)နာရီအချိန်တွင်အခမ်းအနားကို ကျင်းပသွားမည်ဖြစ်သည်။ ယခုနှစ်တွင် စာအောင်သံဃာတော်နှင့်သီလရှင်များသာမက မိတ္ထီလာခရိုင်စာစစ်ဌာနသို့ မလှိုင်မြို့နယ်မှဝင်ရောက်ဖြေဆိုပြီး ဓမ္မာစရိယ(၁)ကျမ်းအောင်၊ (၂)ကျမ်းအောင်နှင့် ကျမ်းပြီးဆရာတော်များအား စာအောင်လက်မှတ်နှင့်နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းနိုင်ရေး၊ စာသင်/စာချဆရာတော်များနှင့် “သာသနာ့ဓဇဓမ္မာစရိယ” ဘွဲ့တံဆိပ်တော်ရရှိခဲ့ပြီး မြို့နယ်အတွင်း လက်ရှိသီတင်းသုံးတော်မူကာ ၂၀၂၀ ပြည့်နှစ်အထိ ပူဇော်ပွဲအခမ်းအနားသို့ တက်ရောက်ခြင်းမရှိခဲ့သော ကျောင်ထိုင်အရှင်သူမြတ်တို့အား ပူဇော်ပွဲတွင် ပင့်ဆောင်အပူဇော်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)