မိတ္ထီလာမြို့နယ် ဆူးဖြူကွက်ကျေးရွာ၌ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

မိတ္ထီလာ ဇွန် ၃ဝ

မန္တလေးတိုင်းဒေသကြီး၊ ဆူးဖြူကွက်ကျေးရွာ၌ ၂ဝ၂၄ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို အဆိုပါကျေးရွာအများပြည်သူသုံး ရေကန်အနီးတွင် ကျင်းပခဲ့ကြောင်းသိရသည်။

မိတ္ထီလာကို မကြာသေးမီကနိုင်ငံတော်အကြီးအကဲရောက်ရှိခဲ့တဲ့ခရီးစဉ်မှာ ဆူးဖြူကွက်ကျေးရွာက ဦးမောင်မြင့်၏မွေးမြူရေးခြံကို လာရောက်ကြည့်ရှုရင်း ရွာအဝင်လမ်းနေရာနားက အများပြည်သူသုံးမြေသားရေကန်အနီးပတ်ဝန်းကျင်မှာ စိမ်းလန်းစိုပြည်စေရေးအတွက် အရိပ်ရသစ်ပင်များစိုက်ပျိုးထားရှိဖို့ လမ်းညွှန်မှာကြားခဲ့တာကြောင့် အခုလိုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ စိုက်ပျိုးတာဖြစ်ပါတယ်ဟု မြို့နယ်သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အဆိုပါ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် စိန်ပန်း၊ သပြေဘူတနှင့် အရိပ်ရသစ်ပင် ပျိုးပင် ၁၅ဝ ပင်ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေးနှင့်အဖွဲ့ဝင်များ၊ ခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့်မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတာဝန်ရှိသူများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျေးရွာဒေသခံပြည်သူများက စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။ ချမ်းသာ