မောက်မယ်မြို့နယ် နမ့်အွန်ရေထွက်တွင်ရိုးရာဓလေ့ရေတောင်းပွဲကျင်းပ

မောက်မယ် ဇွန် ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ စဉ့်ဆိုင်ကျေးရွာအုပ်စု၊ နားသဲကျေးရွာအနောက်ဘက် ၂ မိုင်ခန့်ရှိ နမ့်အွန်ရေထွက်တွင်ရေတောင်းပွဲကို ရှမ်းရိုးရာဓလေ့ထုံးတမ်းစဉ်လာများအရ အဆိုပါရေထွက်၌ ယမန်နေ့နံနက်ပိုင်းကကျင်းပပြုလုပ်ခဲ့သည်။ မောက်မယ်မြို့နယ်တွင် ရေထွက်များပေါများသဖြင့် နှစ်စဉ်နယုန်လအတွင်း နေရာဒေသ အသီးသီးကျေးရွာများအလိုက် ရိုးရာဓလေ့ရေတောင်းပွဲကို ကျင်းပပြုလုပ်ကြောင်း သိရသည်။

ထိုသို့ရေတောင်းပွဲကို နှစ်စဉ်ကျင်းပပြုလုပ်ရခြင်းမှာ နမ့်အွန်ရေထွက်မှ ထွက်ရှိလာသောရေသည် စဉ့်ဆိုင် ကျေးရွာအုပ်စုအတွင်းရှိ ဧက(၂၀၀)ကျော်လယ်ရေများလုံလောက်စွာပေးဝေနိုင်ခြင်း၊ မိုးလေဝသမှန်ခြင်း၊ ဆန်ရေစပါးနှင့်ကောက်ပဲသီးနှံပေါများကြွယ်ဝခြင်း၊ သီးနှံများတွင်ပိုးမွှားများဖျက်စီးသည့်ဘေး ဒဏ်ကင်းခြင်းတို့ အယူရှိကြပြီး မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စုရှိကျေးရွာများက ဒေသခံပြည်သူများနှင့် တောင်သူလယ်သမားများတက်ရောက်ကာ ယမန်နေ့နေ့လယ် ၁၁ နာရီတွင် ပင့်ဖိတ်ထားသည့် သံဃာတော်များအား နေ့လယ်ဆွမ်းနှင့် ဘောဇဉ်၊ ခဲဖွယ်၊ ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်း၍ ငါးပါးသီလခံယူပူဇော်ကန်တော့ကြပြီး ရေစက်သွန်းချအမျှပေးဝေကာ ရပ်ဝေးရပ်နီးမှ ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများတို့အား ထမင်းထုတ်များဖြင့် မျှဝေခဲ့ကြပြီး နေ့လယ်ပိုင်းတွင် ရှမ်းအိုးစည်ဗုံမောင်းများတီး၍ လူဖိုင်း(ခေါ်)မီးရှူး လွတ်တင်ကြသည့် ဒေသခံရှမ်းတိုင်းရင်းသားများတို့၏ဘိုးဘွားစဉ်ဆက်မိရိုးဖလာ အမူအကျင့်တစ်ခုပင်ဖြစ်ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)