အလုံ ဇွန် ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ် စောရန်ပိုင်အနောက်ရပ်ကွက်၊ လျှပ်စစ်ဝင်းဟောင်းနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်း ကျောင်းများသို့ကွင်းဆင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ယမန်နေ့နံနက် ၉ နာရီက ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အလုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဆရာမကြီး ဒေါ်လှသိန်းယဥ် ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများ၊ ပြည်သူ့ကျန်းမာရေး ဌာန (မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး)၊ မီးသတ်ဦးစီးဌာနနှင့် အေးမေတ္တာပရဟိတအသင်းတို့ပါဝင်သောပူးပေါင်းအဖွဲ့သည် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများဖြစ်သည့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ၊ ရေစည်၊ ရေအိုး၊ ရေကန်များထဲသို့ အဘိတ်ဆေးခတ်ခြင်း၊ သွေးလွန်တုပ်ကွေးအသိပညာပေးဟောပြောခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
တင်တင်ချို (ပြန်/ဆက်)