တောင်ဥက္ကလာပ ဇွန် ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးနှင့် ပိုးလောက်လန်း ပေါက်ပွားမှုမှ ကာကွယ်နိုင်ရန် ယမနေ့နံနက်ပိုင်းအချိန်က အမှတ်(၁၀)ရပ်ကွက်၊ အမျိုးသမီးနှင့် ကလေးဆေးရုံကြီး၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး အဘိတ် (abate) ဆေးခပ်ခြင်း၊ ခြင်ဆေးမှုတ်ခြင်းလုပ်ငန်းများကို သွားရောက်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တိုသို့ ဆောင်ရွက်ရာတွင် ခြင်ပေါက်ဖွားမှု များပြားနိုင်သည့်အတွက် ခြင်ကြောင့် ဖြစ်ပွားနိုင်သော သွေးလွန်တုပ်ကွေးရောဂါများ ကာကွယ်နိုင်ရေး၊ ပိုးလောက်လန်း ပေါက်ဖွားမှုမှ ကာကွယ်နိုင်ရေး ရေတင်ကျန်နိုင်သော ကားတာယာဟောင်းများ၊ ဘူးခွက်များ၊ ရေပုံး၊ ရေအိုးများကို ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ပြီး ရေတိုင်ကီနှင့် ကျောက်စည်ပိုင်း၊ ရေအုတ်ကန်များအား အဘိတ်(abate) ဆေးခတ်ခြင်း၊ ခြင်ဆေးမှုတ်ခြင်း၊ ရေနုတ်မြောင်းများ ရှင်းလင်းခြင်း လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အဘိတ်(abate) ဆေးခပ်ခြင်းလုပ်ငန်း၊ ခြင်ဆေးမှုတ်ခြင်းလုပ်ငန်းများကို မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာပြည်သူ့ကျန်းမာရေးဌာနဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရသည်။
ခင်ဆွေနှင်း(ပြန်/ဆက်)