နေပြည်တော် ဇွန် ၃၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် MSME နှင့် စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေး ခန်းမ(၁)၌ကျင်းရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ နေပြည်တော်ကောင်စီအတွင်းရေးမှူး၊နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဌာနကြီးမှူးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ နှင့် နေပြည်တော်အဆင့် ဌာနဆိုင်ရာများတက်ရောက်ကြသည်။
ဦးစွာနေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် နေပြည်တော်တွင် MSME လုပ်ငန်းများ ယခုထက်ပိုမိုကြိုးစားထုတ်လုပ်ကြရန် လိုအပ်ပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများမှထွက်ရှိသည့် ကုန်ကြမ်းများကို တန်ဖိုးမြင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်ရောင်းချနိုင်ရေး၊ MSME ထုတ်ကုန်များကို အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ တိုးမြှင့်တင်ပို့နိုင်ရေး၊ ပြည်ပပို့ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး အလေးထားဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ဆီထွက်သီးနှံကုန်ကြမ်းများကို တစ်နှစ်ပတ်လုံး ထွက်ရှိစေရေးနှင့် ပြည်တွင်းစာသုံး ဆီဖူလုံစေရေးကို အလေးထားလုပ်ဆောင်ကြရမှာဖြစ်ကြောင်း၊ စက်မှုကုန်ကြမ်းများ ပိုမိုထွက်ရှိအောင် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် သွင်းကုန်အစား ထိုးလုပ်ငန်းများ၊ ပြည်ပပို့ကုန်တိုးမြှင့်ရေးလုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းများ တိုးချဲ့ထုတ်လုပ်နိုင်ရေးတို့ကို အလေးထားဆောင်ရွက်စေလိုကြောင်း၊ လုပ်ငန်းများအောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် One Stop Service ဖြင့် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ MSME ထုတ်ကုန်များနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများကို ဝိုင်းဝန်းပူးပေါင်းပြီး အလေးထားဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက်နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ နေပြည်တော် ကောင်စီဝင်များနှင့် တာဝန်ရှိသူများက MSME ထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေးနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆိုင်ရာများကို သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီးရှင်းလင်းတင်ပြကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)