မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း  မုဒုံမြို့နယ် တရားရုံးအဆောက်အဦသစ်ဖွင့်ပွဲအခမ်းအနား တက်ရောက်

မော်လမြိုင် ဇွန် ၂၉

မုဒုံမြို့နယ် တရားရုံးအဆောက်အဦသစ် ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါတရားရုံးအဆောက်အဦရှေ့၌ ကျင်းပပြူလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့မှ မုဒုံမြို့နယ်၊ တရားရုံးအဆောက်အဦ (၁၃၆ ပေ x ၆၂ ပေ) RC ၂ ထပ် အဆောက်အဦသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က တရားရုံးအဆောက်အဦသစ်ဆိုင်းဘုတ်အား စက်ခလုပ်နှိပ်ဖွင့်လှစ်၍ ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြသည်။

ထို့နောက် ဖွင့်ပွဲအခမ်းအနား ဒုတိယပိုင်းအား မုဒုံမြို့နယ်၊ တရားရုံးအစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း တရား စီရင်ရေးကဏ္ဍများကို ဆောင်ရွက်ရာတွင် ဂုဏ်သိက္ခာရှိစွာဖြင့် အောင်မြင်စွာဆောင်ရွက်နိုင်ရန်၊ အရည်အချင်းပြည့်မီသော တရားရေးအရာရှိများကို လုံလောက်စွာ ခန့်အပ်တာဝန်ပေးအပ်နိုင်စေရန်၊ ကျယ်ဝန်းသော ဥပဓိရုပ်ကောင်းမွန်သော တရားရုံးအဆောက်အဦများကို တည်ဆောက်နိုင်ရေး အထူးအလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ တရားရုံးအဆင့်ဆင့်အား အခြေခံသတ်မှတ်ထားသည့် ဒီဇိုင်းပုံစံများနှင့်အညီ တရားရုံးအဆောက်အဦများကို မြေနေရာရရှိမှုနှင့် ဘဏ္ဍာငွေရရှိမှုတို့အပေါ် မူတည်၍ ဆောက်လုပ်လျက်ရှိရာ မုဒုံမြို့နယ်တရားရုံးအဆောက်အဦသစ်ကို တရားရုံးအင်္ဂါရပ်များ၊ နည်းပညာဆိုင်ရာအထောက်အပံ့များနှင့်အညီ တင့်တယ်ထည်ဝါစွာဖြင့် ဖွင့်လှစ်ပေးနိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ အဆောက်အဦကို ရေရှည်တည်တံ့ခိုင်မြဲရေး၊ သန့်ရှင်းသာယာရေးအတွက် ဆောင်ရွက်ကြရန်နှင့် အများပြည်သူများ ယုံကြည်ကိုးစားသည့် တရားစီရင်ရေးကဏ္ဍ ဖြစ်ပေါ်စေရေးအတွက် အားသွန်ခွန်စိုက်ဆောင်ရွက်‌ပေးသွားကြပါရန်ဖြင့် အမှာစကားပြောကြားခဲ့သည်။

ယင်းနောက် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က မုဒုံမြို့နယ်၊ တရားရုံးအဆောက်အဦသစ်ဖွင့်ပွဲ အမှတ်တရလက်ဆောင်များ ပြည်နယ်ဝန်ကြီးချုပ်ထံပေးအပ်ခဲ့ပြီး တရားရုံးအဆောက်အဦသစ်နှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို Mawlamyine King Co.Ltd ကုမ္ပဏီမန်နေဂျင်းဒါရိုက်တာမှ ပြည်နယ်တရားရေးဦးစီးမှူးထံ လွှဲပြောင်းပေးအပ်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများကတရားရုံးအဆောက်အဦသစ်ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ တရားရုံးအဆောက်အဦ (၁၃၆ ပေ x ၆၂ ပေ) RC ၂ ထပ် အဆောက်အဦသစ်ကို ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာရေးနှစ်မှ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးအထိ စုစုပေါင်းရန်ပုံငွေကျပ် (၁၈၀၆.၂၄၂) သန်းဖြင့် ဆောက်လုပ်ခဲ့ပြီး တရားရုံးအင်္ဂါရပ်များနှင့်အညီ တရားစီရင်ရေးကဏ္ဍများကို အဆင်ပြေချောမွေ့စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)