ကချင်ပြည်နယ်ဝန်ကြီးချုပ် လီဆူယဉ်ကျေးမှုကွင်းအတွင်း ၂၀၂၄ ခုနှစ်၊ စတုတ္ထအကြိမ် ပြည်နယ်အဆင့် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်ပြီး အရိပ်ရပျိုးပင်ပေါင်း (၈၀၀) ကျော် စိုက်ပျိုးပေး

မြစ်ကြီးနား ဇွန် ၂၉

ရာသီဥတုပြောင်းလဲမှုနှင့် အပူဒဏ်ကာကွယ်နိုင်ရေး၊ သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေး၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ပြီး ပြည်သူများသစ်တောသစ်များ၏ တန်ဖိုးကိုသိရှိနားလည် မြတ်နိုးသည့် စိတ်ဓာတ်ဖြစ်ပေါ်လာ၍ သစ်ပင်စိုက်ပျိုးခြင်းနှင့် သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများတွင် ပိုမိုပူးပေါင်းပါဝင်ဆောင်ရွက်လာစေရေး ရည်ရွယ်၍ ပြည်နယ်သစ်တောဦးစီးဌာနက မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက်၊ လီဆူယဉ်ကျေးမှုကွင်းအတွင်း ယနေ့နံနက် ၇ နာရီခွဲက ၂၀၂၄ ခုနှစ် စတုတ္ထအကြိမ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ကျင်းပပြုလုပ်ခဲ့ကြသည်။

သစ်ပင်စိုက်ပျိုးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်က ကချင်ပြည်နယ်အတွင်း မိုးရာသီ လူထုဖြန့် သစ်မျိုးစုံ (၂၇)မျိုး၊ ပျိုးပင်ပေါင်း (၁၃၁၄၀၀)ပင် ပျိုးထောင်ထားပြီး ဖြန့်ဝေဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အထိ သစ်ပင်စိုက်ပွဲ (၁၄) ကြိမ်၊ သစ်ပင်ပေါင်း (၁၅၀၀၀)ကျော်စိုက်ပျိုးထားပြီးဖြစ်ပါကြောင်း၊ မိမိတို့ပြည်နယ်၏ သစ်တောဖုံးလွှမ်းမှုမှာ ပြည်နယ်ဧရိယာ၏ ၇၀ ဒဿမ ၄၉ ရာခိုင်နှုန်း ရှိနေသေးသည့်အတွက် သစ်တောပြုန်းတီးခြင်းကို ဖြစ်ပေါ်စေသည့် ထိန်းချုပ်ကန့်သတ်နိုင်ရေး စနစ်တကျဆောင်ရွက်သွားရမည်ဖြစ်သည့်အပြင် စိုက်ပျိုးထားသည့် သစ်ပင်များ ရှင်သန်ကြီးထွားအောင် ပြုစုပျိုးထောင်ကြဖို့ အလေးထားတိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်တွင် စိုက်ပျိုးသွားမည့် ပျိုးပင်များအား လီဆူစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ တာဝန်ရှိသူများထံ ဖြန့်ဝေပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သစ်တောဦးစီးဌာနမှ အရာထမ်း/ အမှုထမ်းများ၊ လီဆူစာပေနှင့် ယဉ်ကျေးမှုအသင်းမှ တာဝန်ရှိသူများ၊ အရပ်ဖက်လူမှုရေးအသင်းအဖွဲ့များနှင့်အတူ ရတနာတန်းဝင်ကျွန်းပင်၊ ဆူးထင်းရှုးပင်၊ သပြေပင်၊ မန်ဂျန်ရှား၊ ခရေ၊ ပိတောက်၊ တမလန်း၊ ငါးပေါက်၊ အမြောက်ဆံ၊ ရေတမာ၊ စကားဝါ၊ ယင်းမာ၊ ပျဉ်းကတိုးပင်စသည့် ပျိုးပင်ပေါင်း (၈၀၈) ကျော်ကို တစ်ပျော်တစ်ပါး စုပေါင်းစိုက်ပျိုးခဲ့ကြကာ တာဝန်ရှိသူများနှင့်အတူ သစ်ပင်စိုက်ပျိုးပွဲတော် တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်