ပျဉ်းမနား ဇွန် ၂၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၌ နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီမှ ကျင်းပပြုလုပ်သည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ပျဉ်းမနားမြို့ အမှတ် - ၂ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ လူငယ်ရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီဝင် နေပြည်တော်အဆင့်ဌာနဆိုင်ရာ ညွှန်ကြားရေးမှူးများ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက ကျောင်းသား၊ ကျောင်းသူများဟာ သက်ဆိုင်ရာ မိသားစုဝင်များရဲ့ မျှော်လင့်ချက်ရောင်နီဖြစ်သလို မိမိနိုင်ငံ မိမိတိုင်းပြည်၏ အနာဂတ်မျှော်လင့်ချက် လူသားအရင်းအမြစ်ဖြစ်ပြီး တန်ဖိုးမဖြတ်နိုင်တဲ့ သားကောင်း ရတနာများဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဟာ လက်ရှိနိုင်ငံအတွင်းရှိ လူငယ်တွေရဲ့ အသိပညာ၊ အတတ်ပညာကြွယ်ဝခြင်း၊ နိုင်ငံချစ်စိတ်မျိုးချစ်စိတ်ရှိခြင်း၊ အကျင့်သိလကောင်းမွန်ခြင်း တို့နှင့် တိုက်ရိုက်အချိုးကျတာကို တွေ့ရမှာဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူဘဝမှာကတည်းက ပညာပြည့်ဝနှလုံးလှဖို့ ကြိုးစားကြရမှာဖြစ်ပြီး ပညာလည်းသင်၊ ပြင်ပဗဟုသုတအတတ်ပညာပညာများလည်း လေ့လာပြီး ဗလငါးတန်နှင့်ပြည့်စုံတဲ့ လူတော်လူကောင်းများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း အရည်အချင်းပြည့်ဝတဲ့လူငယ်တွေဖြစ်ဖို့ ကျောင်းနေရွယ်အားလုံး ပညာကို Grade-9 ထိ အခမဲ့ပညာသင်ကြားနိုင်အောင် စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်းနှင့် လူငယ်များ သိသင့်သိထိုက်တဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို သိရှိနားလည်စေရန်၊ လူငယ်တွေနဲ့ပတ်သက်သည့် ကျင့်ဝတ်များ၊ စည်းကမ်းများကို သိရှိစေရန်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက ဟောပြောဆွေးနွေးသွားမှာဖြစ်ကြောင်း၊ စာဖတ်တဲ့အလေ့အကျင့်ကောင်းများရရှိအောင် ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်များနှင့် အသိပညာပေးနံရံကပ်စာစောင်များကို ခင်းကျင်းပြသထားကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အသိပညာ အတတ်ပညာတွေကြွယ်ဝပြည့်စုံပြီး အကျင့်စာရိတ္တကောင်းမွန်တဲ့ လူတော် လူကောင်းများ ဖြစ်အောင် လေ့ကျင့်ကြစေလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ နေပြည်တော် အမှတ်(၁) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ ရဲအုပ်မင်းထွေးက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် မော်တော်ဆိုင်ကယ်စီးနင်းမှုဆိုင်ရာ စည်းကမ်းများအား အသိပညာပေး ဟောပြော ခဲ့သည်။
ယင်းနောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစည်သူထွန်းမှ လူငယ်ရေးရာ အသိပညာပေးအကြောင်းအရာများအား ဟောပြောဆွေးနွေးခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် ကျောင်းသားကျောင်းသူများအား ဉာဏ်စမ်းပဟေဠိများ မေးမြန်းခဲ့ကြသည်။
ထို့နောက် နေပြည်တော် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးခင်မောင်သိန်းက ကလေးသူငယ်ဥပဒေအကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက အားကစားပစ္စည်းများအား အမှတ်-၂ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးထံ ပေးအပ်ခဲ့ပြီး လူငယ်ရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုလက်ဆောင်များနှင့် ဉာဏ်စမ်းပဟေဠိများဖြေဆိုနိုင်ကြသည့် ကျောင်းသား ကျောင်းသူများအား ဆုလက်ဆောင်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင်၊ နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များ၊ အသိပညာပေးနံရံကပ်စာစောင်များနှင့် ကျောင်းစာကြည့်တိုက်အတွင်းပြသထာသည့် စာအုပ်စာစောင်များအား ကြည့်ရှုခဲ့ကြကြောင်းသိရသည်။
မျိုးသီဟ(ပြန်/ဆက်)