မြစ်ကြီးနား ဇွန် ၂၈
ကချင်ပြည်နယ်တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ ဒေသတွင်းတိုင်းရင်းသားလူငယ်များအတွက် သက်မွေးပညာများတတ်မြှောက်၍ မိသားစုဝင်ငွေတိုးပွားရေး၊ အသေးစားလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ဖွင့်လှစ်ပေးခဲ့သော ရပ်ရွာအခြေပြုအခြေခံစက်ချုပ်သင်တန်းဆင်းပွဲနှင့် ပန်းအလှပြင်သင်တန်းဖွင့်ပွဲ အခမ်းအနားကို မြစ်ကြီးနားမြို့ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
အဆိုပါ သင်တန်းဆင်းပွဲနှင့် သင်တန်းဖွင့်ပွဲတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် တိုင်းရင်းသားအခွင့်အရေးဆိုင်ရာပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုသက်မွေးဝမ်းကျောင်းဆိုင်ရာ စစ်တမ်းများကောက်ယူခြင်း၏ ရလာဒ်များအရ သက်မွေးပညာသင်တန်းများ တက်ရောက်နိုင်ရေးအတွက် ယခုလိုသင်တန်းများကို ဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း၊ သင်တန်းသူများအနေဖြင့်လည်း သင်တန်းမှပို့ချသည့် ပညာရပ်များကို လက်တွေ့နယ်ပယ်တွင် အသုံးချခြင်းဖြင့် တစ်ပိုင်တစ်နိုင်စီးပွားရေးမှ ကိုယ်ပိုင်လုပ်ငန်း၊ ကိုယ်ပိုင်ဝင်ငွေရရှိသည့်အထိ လုပ်ဆောင်နိုင်ရန် ဆက်လက်ကြိုးစားကြရမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးက (၁)လကြာဖွင့်လှစ်သင်ကြားခဲ့သည့် ရပ်ရွာအခြေပြုအခြေခံစက်ချုပ်သင်တန်းအတွက် သင်တန်းလက်မှတ်များကို သင်တန်းသူများထံလည်းကောင်း၊ သင်တန်းကျောင်းအတွက် ထောက်ပံ့ငွေကျပ် (၅)သိန်းကို သင်တန်းကျောင်းအုပ်ထံလည်းကောင်း ပေးအပ်ရာ သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးသည် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းသူများနှင့်အတူ သင်တန်းမှ သင်ကြားချက်များအား လက်တွေ့ဆောင်ရွက်ထားသည့် သင်တန်းသူများ၏ စက်ချုပ်လက်ရာအဝတ်အထည်များကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ကျောင်းအတွင်းခန်းမများ၌ သင်တန်းများတိုးချဲ့ဖွင့်လှစ်သင်ကြားနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် ဝယ်ယူဖြည့်တင်းထားသည့် စက်ပစ္စည်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်