ဥတ္တရသီရိ ဇွန် ၂၉
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ဥတ္တရသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်းနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက ဥတ္တရသီရိမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုကို ကွင်းဆင်းစစ်ဆေးခဲ့သည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့်တာဝန်ရှိသူများသည် တောင်ညိုကျေးရွာအုပ်စု၊ မရမ်းခုံကျေးရွာ စိုက်ပျိုးစီးပွားအသိပညာပေးစင်၌ကျင်းပသည့် ဒေသခံတောင်သူများသို့ မြေဩဇာနှင့်မျိုးစေ့ချကိရိယာ(Seeder)များ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရာက်ကြသည်။
အခမ်းအနားတွင် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက စိုက်ပျိုးရေးလုပ်ငန်းများကို ပြည့်ပြည့်ဝဝဆောင်ရွက်နိုင်ပါက လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်နိုင်မှာဖြစ်ကြောင်း၊ လယ်ယာကဏ္ဍကို အပြည့်အဝအကောင်အထည်ဖော်နိုင်မှသာ ပြည်တွင်းစားနပ်ရိက္ခာပေါများလာမည့်အပြင် ပိုလျှံစွာထွက်ရှိလာသည့်ထုတ်ကုန်များမှ ပြည်ပပို့ကုန်များရရှိပြီး စိုက်ပျိုးရေးလုပ်ငန်းများကို အခြေခံသည့် ပြည်ပဝင်ငွေများရရှိမှာဖြစ်ကြောင်း၊ နေပြည်တော်တွင် အဓိကသီးနှံ(၁၀)မျိုးကို စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်း အစရှိသည့် နည်းလမ်းလေးရပ်ကို ဖြည့်ဆည်းပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြာင်း၊ ယခုနှစ်မိုးစပါးရာသီတွင် အစို/အခြောက် မျိုးစေ့ချကိရိယာ (Seeder) များဖြင့် အသုံးပြုစိုက်ပျိုးသွားမည်ကို တောင်သူများအနေဖြင့်လည်း လိုက်နာဆောင်ရွက်ကြဖို့လိုအပ်ပါကြောင်း၊ မျိုးစေ့ချကိရိယာ (Seeder) ကို အသုံးပြုခြင်းဖြင့် မျိုးစေ့ကုန်ကျမှုနှုန်းသက်သာစေခြင်း၊ ရေလိုအပ်မှုနည်းခြင်း၊ ပေါင်းသတ်ဆေး/ ပိုးသတ်ဆေးများဖြန်းရာတွင် လွယ်ကူခြင်းနှင့် အပင်ပြုစုစောင့်ရှောက်ရေးလုပ်ငန်းများ လွယ်ကူစေ၍ သီးနှံအရည်အသွေးနှင့် အထွက်နှုန်းများကောင်းမွန်ကာ ဈေးကွက်ရရှိပြီး ပြည်ပသို့တင်ပို့ရောင်းချနိုင်သည့်အတွက် တောင်သူများ၏ တစ်ဦးချင်းဝင်ငွေများ တိုးပွားလာကာ လူမှုစီးပွားဘဝမြင့်မားလားပြီး နိုင်ငံတော်၏ဝင်ငွေများပိုမို တိုးတက်အောင်ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ နိုင်ငံတော်မှ တောင်သူများ စိုက်ပျိုးထုတ်လုပ်နေသည့် သီးနှံစိုက်ခင်းများအတွက် အဓိကလိုအပ်လျက်ရှိသည့် သွင်းအားစုများကိုလည်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မိုးစပါး၊ နွေစပါး၊ ဆီထွက်သီးနှံများအတွက် ကူညီထုတ်ချေးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း သီးနှံစိုက်စွမ်းအား ဖွံ့ဖြိုးတိုးတက်စေရန် သီးထပ်၊ သီးညှပ်သုံးသီးအပြည့် စိုက်ပျိုးနိုင်ရေး၊ ဆီထွက်သီးနှံများကို တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများ၊ တောင်သူများအနေဖြင့် အတူတကွဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများက ဒေသခံတောင်သူများအား မျိုးစေ့ချကိရိယာ(Seeder)များနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းမှ ဓာတ်မြေဩဇာများကိုပေးအပ်ခဲ့ပြီး ကွင်းအမှတ်(၁၈၉၃)၊ တောင်သူ ဦးစိုးလင်း၏ စံပြလယ်မြေတွင် စပါးအခြောက်မျိုးစေ့ချကိရိယာ (Seeder) ဖြင့် စိုက်ပျိုးနေမှုကို ကြည့်ရှု အားပေးသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများသည် တောင်ညိုကျေးရွာအုပ်စု၊ တောင်ညိုကျေးရွာဈေးရှေ့တွင် ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူများအား ဝေယံတိုး ဆန်၊ စပါးရောင်းဝယ်ရေးမှ ဆန်တစ်ပြည်လျှင် ၃၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချနေမှုကို ကြည့်ရှုအားပေးသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများသည် ဇလောင်းကျေးရွာအုပ်စု၊ ဇလောင်း(မြောက်)ကျေးရွာတွင် (GGPG) ကုမ္ပဏီ စားအုန်းဆီအရောင်းကိုယ်စားလှယ်ဆိုင်မှ ဒေသခံပြည်သူများအား စားသုံးဆီ တစ်ပိဿာလျှင် ၅၇၀၀ကျပ်နှုန်းဖြင့် ရောင်းချပေးနေမှုအခြေအနေများကို ကြည့်ရှုအားပေးခဲ့ပြီး ကျေးရွာစာကြည့်တိုက်အသစ်ဆောက်လုပ်မည့် မြေနေရာအားကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက အဆောက်အဦဆောက်လုပ်ရာတွင် သတ်မှတ်အရည်အသွေးပြည့်မီစေရေး၊ ရေရှည်ခိုင်ခန့်စေရေး၊ စံချိန်စံညွှန်းပြည့်မီစေရေး၊ ရေရှည် စီမံချက်များချမှတ်ပြီး ဆောင်ရွက်ရမှာဖြစ်ကြောင်းနှင့် လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)