မောက်မယ် ဇွန် ၂၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း သစ်တောသစ်ပင်များစိမ်းလန်းစိုပြေရေးနှင့် သစ်တောသစ်ပင်များ၏တန်ဖိုးကို နားလည်ချစ်မြတ်နိုးတတ်စေရန်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိများ နိုးကြားရှင်သန်စေရန်နှင့်ရာသီဥတုမျှတစေရန် ရည်ရွယ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့နယ်သစ်တောဦးစီးဌာနမှ ယနေ့နံနက်၇နာရီခွဲက မောက်မယ်-ဝမ်ဟတ်−လင်းခေး ကားလမ်းဘေး ဝဲ/ယာ၌ ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်က အဖွင့်အမှာစကား ပြောကြားရာတွင် မိုးရာသီသစ်ပင်စိုက်ပျိုးရခြင်းနှင့်ပတ်သက်၍ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး ရာသီဥတုကောင်းမွန်မျှတရေး၊ သစ်တောသစ်ပင်များထိန်းသိမ်းခြင်းနှင့် ဒေသအပူချိန်လျှော့ချနိုင်စေရန်၊ ဂေဟစနစ်ဖွံ့ဖြိုးခိုင်မာစေရေးအတွက် ရည်ရွယ်ကြောင်း ပြောကြားပြီး သစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်လာသူများအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်နှင့် မြို့နယ်သစ်တောတာဝန်ခံ တောအုပ်ဦးဇော်ညိုက ပျိုးပင်များ အသီးသီးပေးအပ်ကာ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများက သတ်မှတ်နေရာအသီးသီးတွင် တက်ရောက်၍ တပျော်တပါး စိုက်ပျိုးကြသည်။ အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ကျွန်း(၂၀၀)ပင်၊ စိန်ပန်းနီ(၂၅၀)ပင်၊ စိန်ပန်းပြာ (၂၅၀)ပင်၊ သပြေဘူတ(၁၀၀)ပင်၊ ဗန်ဒါ(၁၀၀)ပင်၊ မယ်ဇလီ(၁၀၀)ပင်၊ စုစုပေါင်း(၁၀၀၀)ပင် စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)