စစ်တွေ ဇွန် ၂၉
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်မြတ်ကြီးနှင့် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းတို့တွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုအားပေးပြီး စစ်တွေမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီး၌ မြန်မာအမျိုးသမီးများနေ့အကြို အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲသို့ တက်ရောက်ကြည့်ရှုအားပေးကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် လောကာနန္ဒာစေတီတော်မြတ်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော် မြတ်များအား ပန်း၊ ဆီမီး၊ ရေချမ်းများ ဆက်ကပ်လှူဒါန်းကာ လောကာနန္ဒာစေတီတော်ရင်ပြင်၌ နယ်မြေခံတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ပြီး ကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု၊ ရေစီးရေလာကောင်းမွန်ရေးအတွက် ရေမြောင်းများတူးဖော်နေမှု၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးကြီးကြပ်မှုများအဖွဲ့ဝင်က ဖုံး၊ သွန်၊ လဲ၊ စစ်ဆောင်ရွက်နေမှု၊ Abate ဆေးခတ်ပေးခြင်းနှင့် ခြင်ဆေးမှုတ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နေမှုတို့ကို သွားရောက်ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရပ်ကွက်အတွင်းရှိနေအိမ်များတွင် ဖုံး၊ သွန်၊ လဲ၊ စစ်ဆောင်ရွက်နေမှု၊ Abate ဆေးခတ်ပေးခြင်း ဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုအား ပေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ ခုတင်(၅၀၀) ဆံ့အထွေထွေရောဂါကု ဆေးရုံကြီး၌ မြန်မာအမျိုးသမီးများနေ့ အကြိုအထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲသို့ တက်ရောက် ကြည့်ရှုအားပေးကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျန်းမာရေးဝန်ထမ်းများက စုပေါင်းသွေးလှူရှင်များအား သွေးလှူဒါန်းနိုင်ရန်အတွက် သွေးပေါင်ချိန်ခြင်း၊ သွေးအမျိုးစားခွဲခြားခြင်းနှင့်လိုအပ်သည့် ကျန်းမာရေးစစ်ဆေးခြင်းများဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးကြပြီး သွေးလှူဒါန်းကြသူမည့်သူများကို အာဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သွေးလှူဒါန်းရာတွင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြသည့် ကျန်းမာရေးဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများကို ပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)