မိုးနဲ ဇွန် ၂၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် သစ်တောဦးစီးဌာန၏ ၂၀၂၄ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို နောင်မြိုင်းကျေးရွာအုပ်စုရှိ လွိုင်စယ်ဘုန်းတော်ကြီးကျောင်းဝင်းတွင် ယနေ့နံနက်၇နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်က အဖွင့်အမှာစကား ပြောကြားပြီး သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်အောင်အောင်က သစ်ပင်စိုက်ပျိုးရခြင်းနှင့် ရရှိလာမည့်အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မိုးနဲမြို့နယ်တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီးတိုးဝင်းဖေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်တို့က စိုက်ပျိုးမည့်ပျိုးပင်များကို ပေးအပ်ခဲ့ပြီး တက်ရောက်လာကြသော လွိုင်စယ်ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ကျေးရွာနေပြည်သူများ စုစုပေါင်းအင်အား ၁၅၀ ဦးတို့က ကျွန်း ၂၅၀ ပင်၊ မျောက်ငို ၁၀၀ ပင်၊ ရေသင်းဝင် ၂၀၀ ပင်၊ စစ် ၁၀၀ ပင်၊ သင်္ဘောတယ် ၁၅၀ ပင်၊ ခါတော်မှီ ၁၀၀ ပင်၊ စိန်ပန်းနီ ၅၀ ပင်နှင့်စိန်ပန်းပြာ ၅၀ ပင် စုစုပေါင်းပျိုးပင် ၁၀၀၀ ပင်ကို တစ်ပျော်တစ်ပါး စုပေါင်းစိုက်ပျိုးခဲ့ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)