မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၂၀၂၄ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ပုသိမ်ကြီး ဇွန် ၂၉

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၇ နာရီခွဲက အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်ရှိ နည်းပညာတက္ကသိုလ် (မန္တလေး) အတွင်း ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နည်းပညာတက္ကသိုလ် (မန္တလေး) တာဝန်ခံပါမောက္ခချုပ် ၊ ပါမောက္ခဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မန္တလေးတိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းထွန်းနှင့် သစ်တောဝန်ထမ်းများ၊ အခြေခံပညာကျောင်းမှ ဆရာဆရာမများ၊ NGO အဖွဲ့များ၊ ဒေသခံပြည်သူများ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်က ၂၀၂၄ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ၌ ပိတောက်ပင်အား စတင်စိုက်ပျိုးခဲ့ပြီးနောက်၊ သတ်မှတ်နေရာအသီးသီးတို့တွင် သစ်ပင်များကို စိုက်ပျိုးနေမှုအား ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့သည်။

အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် စိုက်ပျိုးခဲ့သည့် သစ်မျိုးများမှာ ကျွန်း၊ ပျဥ်းကတိုး၊ ပိတောက်၊ တမလန်း၊ ပျဥ်းမ၊ မဟော်ဂနီ၊ မယ်ဇလီ၊ စိန်ပန်း၊ ခရေ၊ ယင်းမာ၊ ငုရွှေဝါ၊ အမျိုးအစားများဖြစ်ပြီး၊ စုစုပေါင်း (၆၀၀)ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြသည်။ သစ်ပင်စိုက်ပျိုးပွဲတွင် သစ်တောဝန်ထမ်းများမှ “အကျိုးကျေးဇူးမျိုးစုံရရှိဖို့ စိုက်ပျိုးပြုစုထိန်းသိမ်းစို့” ဆောင်ပုဒ်ပါ အသိပညာပေးလက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။