ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် ဒေသဖွံဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဟိုပုံး ဇွန် ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြိုနယ်တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီးငါးကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ပေါင်လင်းကျေးရွာအုပ်စု၊ ထီဆိုင်းကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်း၊ စစ်ကြောင်းကြီးငါးကြောင်းမှ ဌာနဆိုင်ရာတာဝန်ရှိသူများက လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်မှုအခြေအနေများပြောကြားရာတွင် ဗိုလ်မှူး ဖြိုးနိုင်ဦးက စစ်ကြောင်းကြီး (၅)ကြောင်း၏ ရည်ရွယ်ချက်များနှင့် ရပ်ရွာများတွင် နေထိုင်ကြသည့် လူငယ်များ၏ အနာဂတ်ကောင်မွန်စေရေး၊ လွဲမှားသည့်အယူဝါဒများမဖြစ်ပေါ်စေရေးနှင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်ပေးကြရန်၊ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများကို အကျယ်တဝင့်ပြောကြားပြီး ဌာနဆိုင်ရာများက ကဏ္ဍအလိုက်ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက်နေမှုများ၊ မူးယစ်ဆေးဝါးအန္တရာယ်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ်၊ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး၊ သစ်တောသဘာဝပတ်ဝန်းကျင်ထိန်သိမ်းရေးနှင့် တရားမဝင်သစ်ထုတ်လုပ်မှု လျော့နည်းပပျောက်ရေးအသိပညာပေးခြင်း၊ လယ်ယာမြေဆိုင်ရာကိစ္စရပ်များ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ပတ်သက်သည့် အကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

အဆိုပါစစ်ကြောင်းကြီးငါးကြောင်းက ဟိုပုံးမြိုနယ်အတွင်းလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံဖြိုးရေးအတွက်ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ ဒေသခံပြည်သူများ၏ တင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပအိုဝ်းဒေသ (ပြန်/ဆက်)