သာကေတ ဇွန် ၂၈
ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့ နံနက်(၁၀)နာရီအချိန်၌ အခြေခံပညာဦးစီးဌာနနှင့်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောသရုပ်ပြပွဲနှင့် အားကစားပစ္စည်း လှူဒါန်းပွဲအခမ်းအနားကိုကျင်းပခဲ့ကြောင်းသိရသည်။ အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီအဖွဲ့ဝင် လူငယ်ကိုယ်စားလှယ်ဦးဌေးလင်း၊ လူငယ်ရေးရာဦးစီးဌာန (ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံ)လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးချိုတူး၊ သာကေတမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်(၁)ဗိုလ်မှူးသူရိန်ဇော်၊ သာကေတမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးညွန့်ဝေ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ဝင်း၊ သာကေတမြို့နယ်အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ဝင်းရတနာဦး၊ မြို့နယ်အခြေခံပညာဦးစီးဌာနမှ မြို့နယ်ပညာရေးမှူး ဒေါ်နန်းနုနုကြည်၊ အမှတ်(၅)အခြေခံပညာအထက်တန်း ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ပါသည်။
ရှေးဦးစွာ သာကေတမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးညွန့်ဝေက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ဝင်းရတနာဦးက ကလေးအလုပ်သမားနှင့် သက်ဆိုင်သောဥပဒေများအကြောင်း အရာများကိုလည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဒေါ်ခင်ကောင်းစံက လူငယ်နှင့်အားကစားအကြောင်းအရာများအားလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဝင် ဦးဌေးလင်းမှ လူငယ်နှင့်အချိန်ကို ကောင်းမွန်စွာစီမံခန့်ခွဲခြင်းခေါင်းစဥ်ဖြင့်လည်းကောင်း အသိပညာပေးဟောပြောခဲ့ကြသည်။ ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လှူဒါန်းသောအားကစားပစ္စည်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးသူရိန်ဇော်မှပေးအပ်ခဲ့ပြီး အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းနွယ်မှ လက်ခံရယူခဲ့သည်။
ဆက်လက်၍ တိုက်ကွမ်ဒိုအားကစားနည်းဖြင့် သရုပ်ပြသခဲ့ပြီး သာကေတမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးညွန့်ဝေ၊ သာကေတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစိးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ဝင်း၊ သာကေတမြို့နယ်မြို့နယ်ပညာရေးမှူးဒေါ်နန်းနုနုကြည်တို့မှ သရုပ်ပြအဖွဲ့အား ဂုဏ်ပြုချီးမြှင့်စရိတ် ပေးအပ်ခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်းသိရှိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)