ကြည့်မြင်တိုင်မြို့နယ်၌ မိုးစပါးစံပြစိုက်ခင်းတွင် မျိုးစေ့ချကိရိယာ (Seeder) ဖြင့် စိုက်ပျိုးပွဲ အခမ်းအနားကျင်းပ

ကြည့်မြင်တိုင် ဇွန် ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၌ မျိုးစေ့ချကိရိယာ (Seeder)ဖြင့် မိုးစပါးစိုက်ပျိုးခြင်းကို ယနေ့ နံနက် (၈) နာရီ အချိန်က ဝါးရုံဆိပ်ရပ်ကွက်၊ ကွင်းအမှတ် (၁၅၈)၊ ဦးပိုင် အမှတ်(၉/၄)ရှိ တောင်သူ ဥိးမင်းဆွေ၏ လယ်မြေ(၅) ဧက၌ ဆင်းသုခမျိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

သရုပ်ပြပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇာနည်လွင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးလှဌေးက မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးရာတွင် ကုန်ကျမှုစရိတ်သက်သာစေမည်ဖြစ်ကြောင်း၊ စပါးကောက်ကွက်ပြည့်မီခြင်း၊ အတန်းလိုက်ညီညာစွာ စိုက်ပျိုးသည့်အတွက် ပင်ပွားကောင်းမွန်ခြင်းနှင့် စပါးအထွက်နှုန်းများကောင်းမွန်ခြင်း၊ လုပ်အားကုန်ကျမှုစရိတ်များ သက်သာမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ မိုးစပါးစံပြစိုက်ပျိုးပွဲသို့ အလုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇာနည်လွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးညီညီနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးလှဌေးနှင့်ဝန်ထမ်းများ၊ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ စုစုပေါင်း (၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး မိုးစပါးစံပြစိုက်ခင်းတွင် စိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ခိုင်ဇာလင်း (ပြန်/ဆက်)