တာမွေ ဇွန် ၂၈
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ရပ်ကွက်စာကြည့်တိုက်များ၊ ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်များနှင့် စံညီစာကြည့်တိုက်များ ရေရှည်ရှင်သန်တည်တံ့စေရေးနှင့် စာကြည့်တိုက်လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်စေရေးအတွက် ယမန်နေ့ ညနေပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် အဝေရာလမ်းရှိ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ မြို့နယ်စာကြည့်တိုက်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့သည်။
အစည်းအဝေးတွင် တာမွေမြို့နယ် စာကြည့်တိုက်ကော်မတီဥက္ကဋ္ဌ ဦးသန့်စင်ဦးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မို့မို့အောင်က လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်တက်ရောက်လာကြသော မြို့နယ်အတွင်းရှိ စာကြည့်တိုက်တာဝန်ခံများနှင့် စာကြည့်တိုက် ကော်မတီဝင်များက လက်ရှိအခြေအနေတွင် မြို့နယ်အတွင်းရှိ စာကြည့်တိုက်များ လည်ပတ်ဆောင်ရွက်နေမှု အခြေအနေများနှင့်လိုအပ်ချက်များ၊ စာကြည့်တိုက်ပညာဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ခဲ့သောအတွေ့အကြုံများ၊ စာကြည့်တိုက်များနှင့်ပတ်သက်ပြီး အလုပ်ရုံဆွေးနွေးပွဲမှရရှိခဲ့သော အသိပညာဗဟုသုတများ၊ မြို့နယ်အတွင်း စံ (၅) ရပ်နှင့်ကိုက်ညီသော စာကြည့်တိုက်များ ထပ်မံဖွင့်လှစ်နိုင်ရေးနှင့် ဖွင့်လှစ်ပြီးသော စာကြည့်တိုက်များ ရေရှည်တည်တံ့ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စီစဉ်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အသီးသီး ရှင်းလင်းတင်ပြခဲ့ကြရာ တင်ပြချက်များအပေါ် မြို့နယ်စာကြည့်တိုက်ကော်မတီဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
အစည်းအဝေးသို့ တာမွေမြို့နယ် စာကြည့်တိုက်ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ ရပ်ကွက်စာကြည့်တိုက်များ၊ ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်များနှင့် စံညီစာကြည့်တိုက်များမှ တာဝန်ခံများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နိုင်လင်းအောင်(ပြန်/ဆက်)