တာမွေ ဇွန် ၂၈
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ပြည်သူများ စာဖတ်ခြင်းဖြင့် အသိဉာဏ် ပညာဗဟုသုတများ တိုးပွားလာစေရန်နှင့် အသိပညာများမှတစ်ဆင့် စဉ်းစားတွေးခေါ်တတ်လာပြီး အတတ်ပညာများအဖြစ်သို့ ပြောင်းလဲကာ နိုင်ငံ့အကျိုး သယ်ပိုးထမ်းဆောင်နိုင်သည့် နိုင်ငံ့သားကောင်းများ ဖြစ်လာစေရန်ရည်ရွယ်ပြီး တာမွေမြို့နယ် စာပေဝါသနာရှင်များမှ စီစဉ်ကျင်းပသော " လောင်းရိပ် " ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် အဝေရာလမ်းရှိ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန ( Community Centre )ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club) အဖွဲ့ဝင် ဦးထွန်းမြင့်က စာရေးဆရာမ မာယာသျှင်ရေးသားသည့် “ ကျွန်တော်လူလားမြောက်ချင်ပြီ ”နှင့် ရသဝတ္ထုတိုများ စာအုပ်မှ “ လူသည် အပင်တစ်ပင်နှင့်တူပါသည်။ အပင်သည် နေဒဏ်၊ လေဒဏ်၊ မိုးဒဏ်ကိုခံနိုင်ရည်ရှိပြီး ကြုံလာသမျှအရာရာကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်ဖို့အတွက်ကတော့ အပင်ငယ်လေး ဘဝကတည်းက အပင်ကြီးများ၏ လောင်းရိပ်မမိဖို့ လိုအပ်သလို လူသည်လည်း ငယ်စဉ်ဘဝကတည်းက အရာရာမှာ မိဘများကိုသာ အားကိုးနေလျှင် အရွယ်ရောက်လာသည့်အခါ လောကဓံ၏ ရိုက်ခတ်မှုဒဏ်ကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်ရန် အခက်အခဲများစွာနှင့် ကြုံတွေ့ရလိမ့်မည် ” စသည်ဖြင့် အကျယ်တဝင့် အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော စာပေဝါသနာရှင်များကလည်း စာရေးဆရာမ မာယာသျှင် ရေးသားသည့် “ ကျွန်တော်လူလားမြောက်ချင်ပြီ ”နှင့် ရသဝတ္ထုတိုများ စာအုပ်တွင်ပါဝင်သော အကြောင်းအရာများနှင့်ပတ်သက်၍ တစ်ဦးချင်းစီအလိုက် ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင် (ပြန်/ဆက်)