ထန်းတပင်မြို့နယ်၌ကျောင်းသား၊ ကျောင်းသူများအား အားကစားနှင့်လူငယ်ရေးရာအသိပညာပေး ဟောပြော

ထန်းတပင်(ရန်ကုန်) ဇွန် ၂၈

လူငယ်လူရွယ်များအားကစားဆိုင်ရာအသိပညာနှင့် ဗလငါးတန်ဖွံ့ဖြိုးပြီး လူကောင်းလူတော်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဇွန်လ(၂၈) ရက်နေ့၊ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ အ.ထ.က-ထန်းတပင်ကျောင်း၊ လှိုင်ရတနာခန်းမ၌ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းနိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဆုမြတ်ဝင်းကလူငယ်နှင့်စာပေအကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူးဦးဇော်ဇော်နိုင်က အားကစားဆိုင်ရာသိကောင်းစရာများကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့ကြသည်။

ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ယဥ်ဦးခိုင်မှ အားကစားပစ္စည်းများကို အ.ထ.က (ထန်းတပင်) ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးအေးမောင်ထံသို့ပေးအပ်ခဲ့ကာ ကျောင်းအုပ်ဆရာကြီးက ကျေးဇူးတင်စကား ပြန်လည်၍ပြောကြားခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင်လည်း ကျောင်းသား၊ ကျောင်းသူများအား Physical Fitness dance ကိုယ်ကာယလေ့ကျင့်ခန်းကို လက်တွေ့သရုပ်ပြခဲ့ကြသလို တက်ရောက် လာ ကြသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကလည်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များကို ဖတ်ရှုလေ့လာခဲ့ကြပြီး အသိပညာပေးနံရံကပ်စာစောင်များကိုလည်း ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ဇင်မင်းထိုက် (ထန်းတပင်)