ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးတွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း လူထုအသိပညာပေး Bill Board စိုက်ထူ

ဟိုပုံး ဇွန် ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေး၊ ကိစ္စရပ်များအတွက် မူဝါဒများချမှတ်ခြင်း၊ စီမံကိန်းများရေးဆွဲအကောင်အထည်ဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံထားရမည့် လူဦးရေဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များကို ရရှိစေရန်ရည်ရွယ်၍ “ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့” ဆောင်ပုဒ်နှင့်အညီ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း လူထုအသိပညာပေး Bill Board စိုက်ထူပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲအချိန်က  ပြည်ထောင်စုလမ်းမနှင့် အ.ထ.က(၁) ကျောင်းလမ်းဆုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သိန်းနိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒေသဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးနေမျိုးလှိုင်တို့က လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း လူထုအသိပညာပေး  Bill Board  အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ အမွှေးနံ့သာရည်များ ပက်ဖြန်းပေးခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းအုပ်ကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒေသဦးစီးမှူးတို့နှင့် ဒေသသန်းခေါင်စာရင်းကော်မတီအဖွဲ့ဝင်များ၊ ဟိုပုံးမြို့နယ် သန်းခေါင်စာရင်းကော်မတီအဖွဲ့ဝင်များ၊ ဆီဆိုင်မြို့နယ် သန်းခေါင်စာရင်းကော်မတီအဖွဲ့ဝင်များက အမှတ်တရစုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။

အဆိုပါ သန်းခေါင်စာရင်းကော်မတီစာရင်းကောက်များသည် မိမိတာဝန်ကျရာ စာရင်းကောက်ကွက်အတွင်း တစ်အိမ်တက်ဆင်း အိမ်တိုင်ရာရောက် Mobile Tablet များ အသုံးပြု၍ သန်းခေါင်စာရင်းကောက်ယူသွားမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း (၁၅)ရက်ကြာ တစ်နိုင်ငံလုံးတွင် သန်းခေါင်စာရင်းကောက်ယူမည်ဖြစ်ကြောင်း သန်ခေါင်းစာရင်းကော်မတီအဖွဲ့ထံက သိရသည်။

ပအိုဝ်းဒေသ (ပြန်/ဆက်)