မက်မန်း ဇွန် ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်၊ အောင်သံလွင်ကျေးရွာတွင် အမျိုးသမီးများဘဝဖွံ့ဖြိုးတိုးတက်ရေး၊ မိခင်နှင့်ကလေးများဘဝ ရှင်သန်ဖွံ့ဖြိုးရေးနှင့် ပညာရေး၊ ကျန်းမာရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် အမျိုးသမီးများဆယ်အိမ်စုမှူးသင်တန်းကို ယမန်နေ့က ဖွင့်လှစ်ခဲ့သည်။
အဆိုပါသင်တန်းတွင် မက်မန်းခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်အသင်းဥက္ကဋ္ဌ ဒေါ်ညိုက အဖွင့်အမှာစကားပြောကြားခြင်း၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နှင်းယုဝေက ဆယ်အိမ်စုမှူးသင်တန်း ဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းခဲ့သည်။ ထို့နောက် အောင်သံလွင်ကျေးရွာရှိ အမျိုးသမီးများ ဆယ်အိမ်စုအလိုက် အစုအဖွဲ့များဖွဲ့၍ လူမှုရေး၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများတွင် ပေါင်းစပ်ဆောင်ရွက်ရမည့်လုပ်ငန်းများကို ပို့ချပေးခဲ့သည်။ ဆက်လက်၍ ခရိုင်နှင့်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့သည် အောင်သံလွင်ကျေးရွာနှင့် နမ့်ဟာနူးကျေးရွာရှိ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံနှင့်ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ပေးခဲ့ပြီး ကျေးရွာသူ၊ ကျေးရွာသားများအား စားသောက်ကုန်များထောက်ပံ့ပေးအပ်ခဲ့သည်။ ဆယ်အိမ်စုမှူးသင်တန်းတွင် အောင်သံလွင်ကျေးရွာရှိ အမျိုးသမီး(၁၀၀)ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
စောဥမ္မာ (ခရိုင် ပြန်/ဆက်)