နေပြည်တော် ဇွန် ၂၈
ပြည်ထောင်စုနယ်မြေ နေပြည်တော် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၂)၌ကျင်းပရာ ပြည်ထောင်စုနယ်မြေ နေပြည်တော်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များ တက်ရာက်ကြသည်။
ဦးစွာ နေပြည်တော်ကော်စီဝင် ဦးမြင့်စိုးက အမှာစကားပြောကြားရာတွင် ရှေးဦးအရွယ် ကလေးသူငယ်မူကြိုအရွယ်မှ ကျောင်းနေအရွယ်၊ ကျောင်းနေအရွယ်မှလူကြီးအထိ ကလေးသူငယ်များ၏ စွမ်းဆောင်ရည်များသည် အရေးကြီးသလို ကလေးသူငယ်များသည် တိုင်းပြည်ရဲ့ အနာဂတ်ရင်သွေးငယ်ကြယ်ပွင့်လေးများဖြစ်သည့်အတွက် ကလေးသူငယ်များရဲ့ အကျိုးစီးပွားကို ယခုကော်မတီက အထူးဆောင်ရွက်ပေးစေလိုပါကြောင်း၊ ယနေ့နိုင်ငံတော်ကို ဦးဆောင်နေသူများ အသိပညာရှင်၊ အတတ်ပညာရှင်များ နယ်ပယ်အသီးသီးမှာရှိကြတဲ့ ကျွမ်းကျင်လုပ်သားများနှင့် နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်အတွက် လက်ရှိပစ္စုပ္ပန် အခြေအနေကို အကောင်းဆုံးကြိုးပမ်းဖော်ဆောင် တည်ဆောက်နေကြသလို နောင်လာမည့် အနာဂတ်နိုင်ငံတော်အတွက် မျိုးဆက်သစ်လေးများဖြစ်တဲ့ ကလေးသူငယ်များရဲ့ ဘဝတိုးတက်အောင်မြင်မှသာ နောင်တစ်ချိန်မှာ ခေါင်းဆောင်ကောင်းများဖြစ်ပေါ်လာမှာဖြစ်ပါကြောင်း၊ တစ်နည်းအားဖြင့် ကလေးသူငယ်များအတွက်အမွေကောင်းများကို ပေးခဲ့နိုင်မှာဖြစ်ပါကြောင်း၊ အနာဂတ်မြန်မာနိုင်ငံတော် ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်လာကြပြီး အဓိကကျသောအခန်းကဏ္ဍမှာပါဝင် ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးကိုကြည့်လျှင် ကလေးသူငယ်များရဲ့ စွမ်းအားများမြင့်မားလာစေရန်ဘက်ပေါင်းစုံမှ မြှင့်တင်ဆောင်ရွက်နေတာကို တွေ့မြင်ရမှာဖြစ်ပါကြောင်း၊ ဗလငါးတန်နှင့် ပြည့်စုံသောကလေးများသည် အနာဂတ်နိုင်ငံတော်အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ လူသားအရင်းအမြစ်များဖြစ်ပါကြောင်း၊ ကလေးသူငယ်များ ဗလငါးတန်နှင့်ဖွံ့ဖြိုးတိုးတက်စေဖို့ ကလေးသူငယ်များရဲ့ အကျိုးစီးပွားဖြစ်တဲ့ အသက်ရှင်သန်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ကာကွယ်စောင့်ရှောက်မှုရရှိရေးနှင့် လူ့အဖွဲ့အစည်းမှာ ပါဝင်ဆောင်ရွက်ခွင့်ရရှိစေရေး၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပါအခွင့်အရေးများရရှိစေနိုင်ရန်အတွက် ဆောင်ရွက်ပေးရမှာဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အတွင်းရေးမှူး ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာဆွေက နေပြည်တော်လူမှုဝန်ထမ်းရုံးအနေဖြင့် ကလေးသူငယ် အခွင့်အရေးများနှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက်တက်ရောက်လာသော ကော်မတီဝင်များက ကလေးသူငယ် အခွင့်အရေးများနှင့်ပတ်သက်၍ မိမိတို့သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးရှင်းလင်း တင်ပြကြရာ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ဟိန်းသူအောင်(ပြန်/ဆက်)