ဒေးဒရဲမြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ

ဒေးဒရဲ ဇွန် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများရှိ ပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လစဥ်ဒေသဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးမွန်မြတ်သူစိုးက နယ်မြေအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးက မြို့ပေါ်နှင့် ရပ်ကွက်၊ ကျေးရွာများရှိ ဘုရားကျောင်းကန်၊ စေတီများအား အပတ်စဥ် စုပေါင်းသန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ပြည်သူပါဝင်မှုဖြင့် အပတ်စဥ်ဆောင်ရွက်သွားရန်၊ မိုးစပါးစိုက်ပျိုးသည့် ဧကများ အောင်မြင်ဖြစ်ထွန်းရေး သက်ဆိုင်ရာအဖွဲ့များဖြင့် ပေါင်းစပ်ဆောင်ရွက်သွားမည့် လုပ်ငန်းများကို ဆွေးနွေးခဲ့သည့်။ ဆက်လက်၍ စိုက်တိုးမြှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ဒေသခံတောင်သူများ ပန်းတိုင်အထွက်နှုန်းတိုးတက်စေရေး ကြဲခင်းစနစ်ပပျောက်ရေးလုပ်ငန်းများ၊ မျိုးစေ့ချကရိယာများ ထောက်ပံ့ပေးအပ်မည့်လုပ်ငန်းများ၊ မိုးစပါးစိုက်ပျိုးမည့် တောင်သူများကို စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးနေမှုများ၊ မိုးစပါးစိုက်ပျိုးသည့် ဧကများ တစ်ဧက စပါး (၁၀)တင်းနှုန်း ပိုမိုတိုးထွက်ရေးဆောင်ရွက်ရမည့် လုပ်ငန်းများ၊ သွင်းအားစုများ ထောက်ပံ့ပေးအပ်မည့်လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် ကျေးရွာအုပ်စု တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအခြေအနေများ၊ လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ရာ တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာဌာနအလိုက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အေဇာလင်း