ကျိုက်ထို ဇွန် ၂၇
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျိုက်ထိုမြို့နယ်၊ သမဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် အခြေခံသမဝါယမ အသင်း (၃) သင်းအား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည်ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ကျိုက်ထိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်နိုင်ငံ့စီးပွား မြှင့်တင်ရေးမတည်ရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်လွင်က အမှာစကားပြောကြားကာ နိုင်ငံ့စီးပွားမြှင့်တင်ရေး မတည်ရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဝင်းဗိုလ်နှင့် မြို့နယ်သမဦးစီးအရာရှိ ဒေါ်အေးအေးမိုးတို့က ရန်ပုံငွေပေးအပ်သည့် ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားခဲ့ကြပြီး အခြေခံသမ အသင်း (၃) သင်းအား မတည်ထောက်ပံ့ငွေများကိုတာဝန်ရှိသူများက ပေးအပ်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင် အခြေခံသမအသင်း (၃) သင်းအား တစ်သင်းလျှင်ငွေကျပ် (၃၁၇၆၄၀၀၀) သိန်းဖြင့် အသင်း (၃) သင်းအတွက်ငွေကျပ် (၉၅၂၉၂၀၀၀) သိန်းကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ကျိုက်ထို (ပြန်/ဆက်)