မြောက်ဥက္ကလာပ ဇွန် ၂၈
ယနေ့ခေတ် လူငယ်လူရွယ်များ စာဖတ်ရှိန်မြင့်မားစေရန်နှင့် စာပေဗဟုသုတကြွယ်ဝစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမတွင် ယမန်နေ့ နံနက် ၁၁နာရီက စာပေချစ်မြတ်နိုးသူများအသင်း Book Clubနှင့် Youth Club အသင်းတို့ပူးပေါင်း၍ စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြောက်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြမြဝင်းက စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို အဖွင့်အမှာစကားပြောကြားခဲ့ပြီး Book Club အသင်းဥက္ကဋ္ဌ ဆရာဦးသိန်းဝင်းဇော်က စာရေးဆရာကြီး ဗန်းမော်တင်အောင်ရေးသားသည့် “အညတြ”စာအုပ်သည် ပခုံးနှစ်ဖက်အကြား ခေါင်းပေါက်တဲ့လူသားချင်းအတူတူ လူကိုလူလိုမြင်တတ်စေရန် ရည်ရွယ်ရေးသားထားသော ဝတ္ထုကောင်းတစ်ပုဒ်ဖြစ်ကြောင်း ဝတ္ထုဇာတ်ကောင်ဖြစ်သည့် ကြက်တော၏ ဘဝအကြောင်းများကို အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ပါသည်။
ဆက်လက်၍ Book Club အဖွဲ့ဝင် စိန်ဘုတ်ဆုံက လူဘဝရဲ့နိဒါန်းပျိုးရာ ကာလနှင့်ဒေသမည်မျှ အရေးကြီးကြောင်းကို ဤစာအုပ်တွင် ဖော်ပြထားကြောင်း ပြောကြားခဲ့ပြီးတက်ရောက်လာသော အဖွဲ့ဝင်များကလည်း ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြမြဝင်း (ပြန်/ဆက်)