မိုင်းဆတ် ဇွန် ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ ညနေ (၃) နာရီခွဲက စာရေးဆရာ ဗန်းမော်တင်အောင် ရေးသားသည့် “အညတြ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးသွယ်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ စာပေချစ်မြတ်နိုးသူများအသင်း (Women Club) အဖွဲ့နှင့် (Book Club) အဖွဲ့တို့ပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပပြုလုပ်ရာ ခရိုင်အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌ(ကိုယ်စား) ဒေါ်အိအိခိုင်က “ကြက်တော၏ မြို့တော်စွန့်စားခန်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ (Women Club) အဖွဲ့ဝင် ဒေါ်ဝင်းဝင်းနွယ်က “မိဘမဲ့ကြက်တော” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မိမိခိုင်က “ကြက်တော၏ စွန့်စားခန်းအမျိုးမျိုး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ (Book Club) အဖွဲ့ဝင် ဒေါ်သစ်သစ်စိုးက “ဘုန်းကြီးကျောင်းသား ကြက်တော” ခေါင်းစဉ်ဖြင့်လည်းကောင်း ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။
အဆိုပါ စာဖတ်ဝိုင်းသို့ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ၊ (Women Club) အဖွဲ့ဝင်များနှင့် ခရိုင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြင့်မောင်(မိုင်းဆတ်)