မဟာအောင်မြေ ဇွန် ၂၈
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ CEA ကိုယ်ပိုင်အထက်တန်းကျောင်း၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် အားကစားဆိုင်ရာ အသိပညာပေးဟောပြောကို ဇွန်(၂၇)ရက်နေ့က ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ CEA ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဇော်မင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဦးရှီးမွန်က လူငယ်နှင့်အားကစားအကြောင်းသိကောင်းစရာများကို အကျယ်တဝင့်ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်သိန်းစိုးက မူးယစ်ဆေးဝါအန္တရာယ်အကြောင်း ပြောကြားရာတွင် ကျောင်းနေစဉ်အရွယ် ကျောင်းသား/သူများအနေဖြင့် ကျောင်းစာကိုသာ အာရုံစိုက်လေ့လာသင်ယူသင့်ကြောင်း၊ လူကိုမူးယစ်ထုံမှိုင်စေသော မူးယစ်ဆေးဝါးများကို စမ်းသပ်မသုံးစွဲသင့်ကြောင်း၊ စတင်သုံးစွဲမိလျှင် လူမှုဘဝတွေပျက်စီးဆုံးရှုံးနိုင်ကြောင်း စသည့်အကြာင်းအရာများကို ပြောကြားပြီးနောက် အားကစားပစ္စည်းများနှင့် ကျောင်းစာကြည့်တိုက်အတွက် ဂျာနယ်စာစောင်များကို လှူဒါန်းရာ ကျောင်းအုပ်ကြီးမှ လက်ခံရယူခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များနှင့်နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း