တောင်ကြီး ဇွန် ၂၈
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းကော်မတီအစည်းအဝေး (၂/၂၀၂၄)ကို ယမန်နေ့ နံနက် ၈ နာရီခွဲက ရှမ်းပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်က အမှာစကားပြောကြားရာတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်းမှတ်ပုံတင်ရန် (၂၈၅)ခုလျာထားပြီး (၆၀)ခု ခွင့်ပြုပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုအစည်းအဝေးတွင် အသစ်လျှောက်ထားလာသည့် လုပ်ငန်း (၉၄)ခုကို စိစစ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မြင်းကောင်ရေ (၅)ကောင်အားနှင့်အောက်ရှိပြီး အလုပ်သမား (၉)ဦးထက်မပိုသည့် စက်မှုလုပ်ငန်းနှင့် အလုပ်သမား (၃)ဦးနှင့် အထက်ရှိသည့် လက်မှုလုပ်ငန်းများကို တရားဥပဒေနှင့်အညီ လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိရေး မြန်မြန်ဆန်ဆန်စစ်ဆေးအတည်ပြုပြီး မှတ်ပုံတင်ထုတ်ပေးနိုင်ရန် လိုအပ်ပါကြောင်း၊ မြေပြင်တွင်အမှန်ရှိနေသည့် လုပ်ငန်းများကိုရယူပြီး လက်ရှိမှတ်ပုံတင်ထားသူများ စာရင်းနှင့် တိုက်ဆိုင်၍ လုပ်ငန်းလုပ်ကိုင်နေသူ၊ ခေတ္တဆိုင်းငံ့နေသူနှင့် ပယ်ဖျက်သူများစာရင်းကိုလည်း ကောက်ယူဆောင်ရွက်ရန်လိုပါကြောင်း၊ ကော်မတီအဖွဲ့ဝင်များအနေဖြင့်လည်း သက်ဆိုင်ရာကဏ္ဍအလိုက် အကြံပြုဆွေးနွေးပေးရန်ဖြစ်ပါကြောင်း၊ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းကော်မတီအနေဖြင့် လိုအပ်ချက်များကို ဖြည့်ဆည်းပြင်ဆင်နိုင်မည်ဖြစ်သဖြင့် ယခုထက်ပိုမိုပြည့်စုံကောင်းမွန်အောင် ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် လုပ်ငန်းမှတ်ပုံတင်များနှင့်ပတ်သက်၍ ပြည်နယ်ဦးစီးမှူး ဦးစိုးနိုင်ထူးက ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့် မှတ်ပုံတင်လုပ်ငန်း စိစစ်ရေးကော်မတီအဖွဲ့ဝင်များက ဆွေးနွေးအကြံပြု၍ တင်ပြထားသော လုပ်ငန်းမှတ်ပုံတင်များအား အတည်ပြုဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)