ပုဗ္ဗသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းကျင်းပ

ပုဗ္ဗသီရိ ဇွန် ၂၈

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်း၍ စာရေးဆရာ ဗန်းမော်တင်အောင် ရေးသားသော “ငဩ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုဗ္ဗသီရိမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းနွယ်က လူငယ်များ စာပေဖတ်ရှုရာမှ အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်စေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ အတွေးအခေါ်များ ရင့်သန်လာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များဖြစ်ကြသည့် စာရေးဆရာ စိန်ဝင်းနွယ်က “ငဩ” ဆိုသော အမည်နှင့် ငဩအမည်ရှိ လယ်သမားသူပုန်ကြီးတစ်ဦး၏အကြောင်း ရေးသားထားခြင်းဖြစ်ကြောင်း၊ စာရေးဆရာ ရဲမွန်ကျော်က သာယာဝတီ၊ သုံးဆယ်နယ်သားဖြစ်သည့် အားလျော်စွာ သာယာဝတီသူပုန်ကြီး ထကြွခဲ့စဉ်က ဗြိတိသျှလက်နက်ကိုင် တပ်များကို ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်ခဲ့သည့် သုံးဆယ်နယ်သား ငဩ၏ စွန့်စားမှုများအကြောင်း၊ စာရေးဆရာ ယုံလေးက  သူပုန်ကြီးငဩကို ပေါက်ဖွားမွေးထုတ်ခြင်း ပြုလိုက်သော တောင်သူလယ်သမားများ၏ ကိုလိုနီစနစ် ဆန့်ကျင်ရေး၊ အမျိုးသားလွတ်လပ်ရေးတို့အတွက် ခုခံတိုက်ခိုက်ခြင်း ပြုခဲ့ကြသော လယ်သမားစစ်ပွဲကြီး တစ်ခုလုံး၏ကြောင်း၊ သစ်တောကြီးမှ သစ်ပင်တစ်ပင်ကို ခွဲထုတ်၍ မရနိုင်သကဲ့သို့ သူပုန်ကြီး ငဩနှင့် သာယာဝတီသူပုန်ကြီးကို ခွဲထုတ်မရသည့်အကြောင်း၊ စာရေးဆရာမ ချယ်ချယ်(YU)က “ငဩ” စာအုပ်သည် ကိုလိုနီခေတ်အငွေ့အသက်များပါကြောင်း၊ သူ၏ မိဘများသည် ချမ်းသာသည့် လယ်ပိုင်ရှင်ကြီးများဖြစ်ကြောင်း၊ မယ်အိမ်နှင့် ထားကြည်ဆိုသည့် မိန်းကလေးနှစ်ဦးနှင့် ပတ်သက်ခဲ့ကြောင်း၊ မယ်အိမ်ဆိုသောမိန်းကလေးသည် စာရင်းငှားတစ်ယောက်၏ သမီးဖြစ်ကြောင်း၊ ငဩသည် ငယ်စဉ်ကတည်းက ထန်းရည်သောက်၊ ဖဲရိုက်ဖြင့် ဆိုးခဲ့သူဖြစ်ကြောင်း၊ စာရေးဆရာ ကဖိုးကျင်က ဂဠုန်အဖွဲ့ကို ထူထောင်သူ ဆရာစံသည် သမိုင်းရေးရာ ၎င်း၏ ပခုံးထက်သို့ ကျရောက်လျက်ရှိနေခဲ့သောတာဝန်ကို သူရသတ္တိရှိရှိဖြင့် ထမ်းဆောင်ခဲ့သော မျိုးချစ်ခေါင်းဆောင်ကြီးဖြစ်ကြောင်း၊ မည်သူတစ်ဦးတစ်ယောက်မျှ မထမ်းဆောင်ဝံ့သော အချိန်ကာလ နှင့် အခြေအနေမျိုးတွင် ရဲရဲရင့်ရင့် ထမ်းဆောင်ခဲ့သော အာဇာနည်ကြီးတစ်ဦးအဖြစ် မြန်မာ့ သမိုင်း၌ အောက်မေ့မှတ်သားရပါကြောင်း  အသီးသီးဆွေးနွေးခဲ့ကြပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေဝါသနာရှင်များပူးပေါင်း၍ လစဉ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သန်းသန်းနွယ်(ပုဗ္ဗ)