တိုက်ကြီး ဇွန် ၂၈
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပပြုလုပ်သည့် လူငယ်ရေးရာဟောပြောသရုပ်ပြပွဲနှင့် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း (မြို့မ) ပညာရတနာခန်းမ၌ ကျင်းပကြောင်း သိရသည်။
ဦးစွာ တိုက်ကြီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးမောင်မောင်လတ်က အဖွင့်အမှာစကားပြောကြားပြီး တိုက်ကြီးခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန တာဝန်ခံဦးစီအရာရှိ ဦးသက်ထွန်းစိုးက အားကစားဆိုင်ရာအကြောင်းအရာများကို အသိပညာပေးဟောပြောသည်။ ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန်းကလျာခိုင်က ဗလငါးတန်ပြည့်ဝဖို့ မူးယစ်ဆေးဝါးရှောင်ရှားစို့ ခေါင်းစဥ်ဖြင့် မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးဟောပြောသည်။
ဆက်လက်၍ Fitness Dance အဖွဲ့က သရုပ်ပြပြီး မြို့နယ်အားကစားမှူး ဦမိုးဟိန်းကျော်က ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဌေးဝင်းထံ အားကစားပစ္စည်းများအား ပေးအပ်လှူဒါန်းသည်။ ထို့နောက် ဒုတိယမြို့နယ်ပညာရေးမှူး ဦးမိုးကျော်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ အဆိုပါအခမ်းအနားသို့ မြို့နယ်စီမအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)၊ ရန်ကုန်မြောက်ပိုင်းခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန ခရိုင်အားကစားမှူး ဒေါ်ယဉ်ဦးခိုင်၊ မြို့နယ်အားကစားမှူးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။
စန်းကလျာခိုင်(ပြန်/ဆက်)