ကျောက်ဆည်မြို့တွင် စာဖတ်ရှိန်မြင့်မားရေးနှင့် အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရေး စာဖတ်စွမ်းရည်၊ ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

ကျောက်ဆည် ဇွန် ၂၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် ကျောင်းသား/ ကျောင်းသူလူငယ်များ စာဖတ်ရှိန်မြင့်မားရေးနှင့် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေး ဇွန် ၂၆ ရက်နေ့ မွန်းလွဲ(၁)နာရီက ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်စွမ်းရည်၊ ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ပြိုင်ပွဲတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက ကျောင်းသား/ကျောင်းသူများ စာပေဖတ်သည့် အလေ့အကျင့်များရရှိလာစေရန်နှင့် စဉ်းစားတွေးခေါ်မှုမြင့်မားလာစေရေး၊ စာကြည့်တိုက်နှင့် အကျွမ်းတဝင်ရှိပြီး စာပေချစ်မြတ်နိုးသည့်စိတ်များ ဖြစ်ပေါ်လာကာ ယဉ်ကျေးလိမ္မာပြီး ထူးချွန်ထက်မြတ်သည့် မျိုးဆက်သစ်လူငယ်များဖြစ်လာစေရေး၊ ဗလငါးတန်နှင့်ပြည့်စုံရေး စာဖတ်စွမ်းရည်၊ ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် စာဖတ်စွမ်းရည်၊ ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်သား/ကျောင်သူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ၊ ရသစာအုပ် စာစောင်များနှင့် သဘာဝဘေးအန္တရာယ်၊ ကလေးအလုပ်သမားပပျောက်ရေး၊ အရွယ်မရောက်သေးသော ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ်ခြင်း၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်း အန္တရာယ်ကင်းရှင်းရေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။

စုစုအေး(ကျောက်ဆည်)