မန္တလေး ဇွန် ၂၇
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်းစားရေရိက္ခာ ဝမ်းစာဖူလုံရေး၊ တောင်သူလယ်သမားများ မျိုးကောင်းမျိုးသန့်များထုတ်လုပ်နိုင်ရေး၊ မျိုးစေ့ထုတ်လုပ်ပြီး တောင်သူများ ဝင်ငွေတိုးပွားစေရေး၊ လယ်ယာထွက်ကုန်များ ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်ရေး၊ မျိုးကောင်းမျိုးသန့် စံပြစိုက်ခင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ပြည်ကြီးတံခွန်မြို့နယ်၊ မယ်တော်စုကျေးရွာ၊ ကွင်းအမှတ်(၅၆၈)၊ ဦးပိုင်အမှတ်(၇၀)တွင် စိုက်ပျိုးထားသည့် တောင်သူဦးစိုးနိုင်၏ နွေစပါးစိုက်ခင်း(ရွှေသွယ်ရင်)(၃.၀၀)ဧက စိုက်ခင်းမှ (၆.၆)ပေ ပတ်လည်စံကွက်အား ဇွန်လ၂၆ ရက်၊ နံနက် ၉ နာရီအချိန်က ရိတ်သိမ်းကြသည်။
ထိုသို့ရိတ်သိမ်းရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နွယ်နွယ်အောင်၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချရေးစီမံခန့်ခွဲရေးဦးစီးဌာန၊ စီမံကိန်းဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ (ည)ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြပြီး စံကွက်ရိတ်သိမ်းရာ တစ်ဧကစပါးအစို(၁၅၅)တင်း၊ အခြောက်(၁၄၉.၅)တင်း ထွက်ရှိကြောင်း သိရသည်။
မြင့်မော်ထွန်း(အောင်-စံ၊ ပြန်/ဆက်)