မြောက်ဥက္ကလာပ ဇွန် ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ရပ်ကွက်အတွင်းရှိစာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် စာအုပ်များထပ်ဆင့်လှူဒါန်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအစည်းအဝေးတွင် မြောက်ဥက္ကလာပမြို့နယ်စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးသိန်းဝင်းဇော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အတွင်းရေးမှူး ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်မြမြဝင်းက ရပ်ကွက်အတွင်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများမှ ပိုမိုကောင်းမွန်သည့်နည်းလမ်းများဖြင့် ဆောင်ရွက်မည့်အခြေအနေများနှင့် စာကြည့်တိုက်များတွင် လိုအပ်သည့်စာကြည့်တိုက်ဆိုင်ရာလုပ်ငန်းများ ကောင်းမွန်စေရေးအတွက် စာကြည့်တိုက်မှူးများမှ ရန်ကုန်တိုင်းဒေသကြီးအစိုးရနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်ခဲ့သောသင်တန်းများတွင် ပို့ချသည့်နည်းစနစ်များအတိုင်း စနစ်တကျဆောင်ရွက်သွားရန်လိုအပ်ကြောင်း စသည်တို့ကိုရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသော ရပ်ကွက်စာကြည့်တိုက်ကော်မတီဝင်များနှင့် စာကြည့်တိုက်မှူးများက စာကြည့်တိုက်များ လက်ရှိလည်ပတ် ဆောင်ရွက်နေမှုများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဥ်များကိုဆွေးနွေးခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးစာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီနှင့် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းတို့မှရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်များသို့ လှူဒါန်းသည့် သုတ၊ ရသစာအုပ်များအား မြို့နယ်စာကြည့်တိုက်ကော်မတီဝင်များက ရပ်ကွက်စာကြည့်တိုက် (၄) တိုက်သို့ ထပ်ဆင့်ပေးအပ်လှူဒါန်းခဲ့ရာ သက်ဆိုင်ရာစာကြည့်တိုက်ကော်မတီဝင်များက အသီးသီးလက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။
မြမြဝင်း (ပြန်/ဆက်)