မောက်မယ် ဇွန် ၂၈
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ စဉ့်ဝင်ကျေးရွာအုပ်စု၊ တင်ကုန်းရွာအရှေ့ဘက်ရှိ နမ့်ဟူးပန်နန်းရေထွက်တွင်ရေတောင်းပွဲကို ရှမ်းရိုးရာဓလေ့ထုံးတမ်းစဉ်လာများအရ အဆိုပါရေထွက်၌ ယမန်နေ့နံနက်ပိုင်းကကျင်းပပြုလုပ်ခဲ့သည်။ မောက်မယ်မြို့နယ်တွင် ရေထွက်များပေါများ သဖြင့် နှစ်စဉ်နယုန်လအတွင်း နေရာဒေသအသီးသီးကျေးရွာများအလိုက် ရိုးရာဓလေ့ရေတောင်းပွဲကို စဉ့်ဝင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးဘောဂမှဦးစီး၍ ကျင်းပပြုလုပ်ကြောင်းသိရသည်။
ထိုသို့ရေတောင်းပွဲကို နှစ်စဉ်ကျင်းပပြုလုပ်ရခြင်းမှာ နမ့်ဟူးပန်နန်းရေထွက်မှ ထွက်ရှိလာသော ရေသည် စဉ့်ဝင်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ (၄) ရွာအတွက် ပိုက်များဆက်၍ အိမ်တိုင်ရာရောက် စိမ့်စမ်းရေလုံလောက်စွာပေးဝေနိုင်ခြင်း၊ မိုးလေဝသမှန်ခြင်း၊ ဆန်ရေစပါးနှင့်ကောက်ပဲသီးနှံပေါများ ကြွယ်ဝခြင်း၊ သီးနှံများတွင်ပိုးမွှားများဖျက်စီး သည့်ဘေးဒဏ်ကင်းခြင်းတို့အယူရှိကြပြီး မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုရှိကျေးရွာများက ဒေသခံပြည်သူများနှင့် တောင်သူလယ်သမားများတက် ရောက်ကာ ယမန်နေ့နေ့လယ် ၁၁ နာရီတွင် ပင့်ဖိတ်ထားသည့် သံဃာတော်များအား နေ့လယ်ဆွမ်းနှင့် ဘောဇဉ်၊ ခဲဖွယ်၊ ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်း၍ ငါးပါးသီလခံယူပူဇော်ကန်တော့ကြပြီး ရေစက်သွန်းချ အမျှပေးဝေကာ ရပ်ဝေးရပ်နီးမှ ကြွရောက်လာကြသောဓမ္မမိတ်ဆွေများတို့အား ထမင်းထုတ်များဖြင့်မျှဝေ ခဲ့ကြပြီး နေ့လယ်ပိုင်းတွင် ရှမ်းအိုးစည်ဗုံမောင်းများတီး၍ လူဖိုင်း (ခေါ်) မီးရှုးလွတ်တင်ကြသည့် ဒေသခံရှမ်း တိုင်းရင်းသားများတို့၏ ဘိုးဘွားစဉ်ဆက်မိရိုးဖလာ အမူအကျင့်တစ်ခုပင်ဖြစ်ကြောင်း သိရသည်။
စိုင်းမျိုးသန့် (မောက်မယ်)