ဟိုပုံး ဇွန် ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် မျိုးစေ့ထုတ်စိုက်ခင်းနှင့် စံပြစိုက်ခင်းများအတွက် ဓာတ်မြေဩဇာနှင့် မျိုးစေ့ချကိရိယာထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် (၉) နာရီခွဲအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်သန္တာလင်းက စိုက်ပျိုး တောင်သူများအား မျိုးစေ့ထုတ်စိုက်ခင်းနှင့် စံပြစိုက်ခင်းများအတွက် ဓာတ်မြေဩဇာထောက် ပံ့ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရည်ရွယ်ချက်များကိုလည်းကောင်း၊ နိုင်ငံတော်စားနပ်ရိက္ခာဖူလုံရေး၊ ပြည်ပမှ တင်သွင်းသည့် သွင်းကုန်များလျှော့ချနိုင်ရေး၊ ထွက်ရှိလာသည့် သီးနှံများကို ပြည်ပသို့ တင်သွင်းနိုင်ရေးဖြစ်သည့် ရည်ရွယ်ချက် (၃) ချက် အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် မျိုးစေ့ထုတ်စိုက်ခင်းနှင့် စံပြစိုက်ခင်းတောင်သူများအတွက် ဓာတ်မြေဩဇာနှင့် မျိုးစေ့ချကိရိယာများကို ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ညီညီတင်၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးနေမျိုးလှိုင်၊ ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယ ပြည်နယ်ဦးစီးမှူး ဦးကျော်ကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။ ထို့နောက် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ဟိုပုံးမြို့နယ် စငေါကျေးရွာအုပ်စု၊ စံဖူးကျေးရွာအုပ်စု၊ ပေါင်လင်းကျေးရွာအုပ်စု၊ လွယ်အွန့်ကျေးရွာအုပ်စုရှိ မျိုးစေ့ထုတ်စိုက်ခင်းနှင့် စံပြစိုက်ခင်း တောင်သူများအား မျိုးစေ့ချကိရိယာဖြင့် လက်တွေ့သရုပ်ပြသခဲ့ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)