ပူတာအို ဇွန် ၂၈
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် အနာဂတ်၏ကြယ်ပွင့်လေးများဖြစ်သည့် ကျောင်းသားလူငယ်များ မူးယစ်ဆေးဝါးအန္တရာယ်ကို သိရှိနားလည်လာပြီး ရှောင်ရှားတတ်လာစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ စီစဉ်ထုတ်ဝေသော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ဇွန်လ (၂၆) ရက် နံနက်ပိုင်းက ပူတာအိုခရိုင်အတွင်းရှိ မြို့နယ်များတွင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ထိုသို့ လက်ကမ်းစာစောင်ဖြန့်ဝေရာတွင် ပူတာအိုခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်တာဝန်ခံ ဦးစီးအရာရှိ ဦးစိုးမိုးနိုင်နှင့်ဝန်ထမ်းများက အ.ထ.က-ပူတာအိုကျောင်းတွင် အသိပညာပေး သတင်းစကား လက်ကမ်းစာစောင် (၁၅၀) စောင်ကိုလည်းကောင်း၊ မချမ်းဘောမြို့နယ် ဦးစီးမှူး ဒေါ်နီနီလွင်နှင့် ဝန်ထမ်းများက အ.ထ.က-မချမ်းဘောကျောင်းတွင် သတင်းစကား လက်ကမ်းစာစောင် (၁၀၀) စောင်ကိုလည်းကောင်း၊ နောင်မွန်းမြို့နယ် ဦးစီးမှူး ဦးဆန်းညွန့်ဦးနှင့်ဝန်ထမ်းများက အ.ထ.က-နောင်မွန်းကျောင်းတွင် လက်ကမ်းစာစောင် (၁၀၀) စောင်ကိုလည်းကောင်း၊ ပန်နန်းဒင်မြို့ ဦးစီးမှူး ဒေါ်ဂျေအားနာနှင့် ဝန်ထမ်းများက အ.ထ.က-ပန်နန်းဒင်ကျောင်းတွင် လက်ကမ်းစာစောင် (၇၀) စောင်ကိုလည်းကောင်း ကျောင်းသား၊ ကျောင်းသူများ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
အဆိုပါ အသိပညာပေး သတင်းစကားလက်ကမ်းစာစောင်တွင် “အနာဂတ်ပန်းများပွင့်လန်းဖို့ မူးယစ်အန္တရာယ်ကာကွယ်စို့” နှင့် “မူးယစ်အန္တရာယ် လူရန်စွယ် ကာကွယ်တိုက်ဖျက်လက်ချင်းယှက်”စသည့် ဆောင်ပုဒ်များ၊ ၂၆.၆.၂၀၂၃ ရက်နေ့ထုတ် ကြေးမုံသတင်းစာမှ ကဗျာဆရာ ရေနံ့သာမောင်ကျော်ညွှန့်၏ “ရှောင်လေဝေးဝေး မူးယစ်ဆေး” အသိပညာပေးကဗျာ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးလုပ်ငန်းများ၊ အမျိုးသားရေး အသွင်ဖြင့် ကာကွယ်တိုက်ဖျက် စသည့် အသိပညာပေးဆောင်းပါး၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ဖြစ်ပွားနိုင်သည့် အချက်များ၊ ၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးသည့် မှတ်တမ်းဓာတ်ပုံများ၊ မူးယစ်ဆေးဝါး အသိပညာပေး ကာတွန်းများ ထည့်သွင်းထားကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)