နမ့်စန်(တ) ဇွန် ၂၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ကျောင်းသားကျောင်းသူ လူငယ်လူရွယ်များအား ကျန်းမာသန်စွမ်းပြီးဗလငါးတန်နှင့်ပြည့်စုံ၍ ပညာရေးတွင် ထူးချွန်သည့် လူငယ်လူရွယ်များဖြစ်လာစေရန်ရည်ရွယ်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ Sunjin Myanmar Company၊ မိုးရိပ်ရှမ်းတောင်ပရဟိတအသင်းနှင့် ကရုဏာရှင်လူမှုကူညီရေးအသင်းတို့ပူးပေါင်း ပြုလုပ်သော School Milk Programme အစီအစဉ်ဖြင့် အာဟာရတိုက်ကျွေးခြင်းအား ယမန်နေ့နံနက် ၉ နာရီက လွိုင်ယဲကျေးရွာအုပ်စု၊တိုင်းကောင်ကျေးရွာရှိ အ.ထ.က-ခွဲ (လွယ်ယင်း) ကျောင်း တွင်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နမ့်စန်တပ်နယ်မှ ဗိုလ်ချုပ်စိုးအောင် နှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုး၊ မြို့နယ်ပညာရေးမှူး ဦးမြင့်လွင်၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးမှူးဒေါက်တာအမ်ဇော်မိုင်နှင့် Sunjin Myanmar Company မှ တာဝန်ရှိသူများက ကျောင်းသားကျောင်းသူများကို အာဟာရပြည့်နွားနို့နှင့် ကြက်ဥများ အသီးသီးပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ ဗိုလ်ချုပ်စိုးအောင်နှင့် တာဝန်ရှိသူများက ကျောင်းသားကျောင်းသူများကို အာဟာရပြည့်နွားနို့နှင့် ကြက်ဥများအား ပေးဝေတိုက်ကျွေးခဲ့ကြပြီး စာသင်ဆောင်များအတွင်း လိုက်လံကြည့်ရှုခဲ့ကြောင်းနှင့် အဆိုပါ School Milk Program တွင်ကျောင်းသားကျောင်းသူ စုစုပေါင်း (၂၀၈) ဦးအား အာဟာရပြည့်နွားနို့ (၃၅) ပိဿာနှင့် ကြက်ဥ (၂၃၀) လုံးတို့ကိုကျွေးမွေးနိုင်ခဲ့ကြောင်း သိရသည်။
သူရအောင်(နမ့်စန်)