မလှိုင်မြို့နယ် ဆည်တို (အ.ထ.က) ကျောင်း၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပပြီး အသိပညာပေး နံရံကပ်စာစောင့်နှင့် ဓာတ်ပုံပြပွဲကျင်ပ

 မလှိုင် ဇွန် ၂၈

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ကာယဗလ၊ ဉာဏဗလ၊ မိတ္တဗလ၊ ဘောဂဗလ၊ စရိတ္တဗလ စသည့် ဗလ (၅) တန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲများကို ကျင်းပပေးလျက်ရှိရာ ဇွန်လ (၂၆) ရက်နေ့ မွန်းလွဲ (၁) နာရီအချိန်တွင် မလှိုင်မြို့နယ်ဆည်တိုကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ကျန်စစ်သား) ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဆည်တိုအခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးဝင်းမိုးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဇော်မင်းက လူငယ်စကားဝိုင်းဆွေးနွေးပွဲများ ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာဆည်တို (အ.ထ.က) Grade – 10A မစုရတနာဝင်းက လူငယ်နှင့်ပညာရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade– 10Aမှ မောင်ဟိန်းထက်လင်းက လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade – 10A မဆောင်းသဇင်သိန်းက လူငယ်နှင့်စာဖတ်ခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade – 11Aမှ မအိယုဖွေးက လူငယ်နှင့်ကျန်းမာရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade–11B မှ မမွန်မြတ်သူက လူငယ်နှင့်မူးယစ်ဆေးဝါးခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြသည်။ ကျောင်းသား၊ ကျောင်းသူများ၏ ဆွေးနွေးချက်များအပေါ် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူလေးများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲအပြီးတွင် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများကို ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော အသိပညာပေး နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲကို ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစားကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

အောင်ဌေး(မလှိုင်)