နမ့်စန်တွင်  မြို့နယ်ပညာရေးမှူးဖလား ကျောင်းပေါင်းစုံ (၁၈)နှစ်အောက် အမျိုးသားအမျိုးသမီးဘောလုံးပြိုင်ပွဲအုပ်စု မဲနှိုက်ရွေးချယ်

နမ့်စန်() ဇွန်-၂၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ အသက် (၁၈) နှစ်အောက် အမျိုးသားနှင့်အမျိုးသမီးဘောလုံး ပြိုင်ပွဲ အုပ်စုခွဲမဲနှိုက်ရွေးချယ်ပွဲကို ယမန်နေ့နေ့လည် ၂ နာရီက အမှတ် (၂) ရပ်ကွက်ရှိ  မြို့နယ်ပညာရေးမှူးရုံးခန်းမတွင် ကျင်းပခဲ့ရာ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ် အား/ကာ ကော်မတီဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးမြင့်လွင်နှင့် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဦးမြင့်လွင်က  အသက် (၁၈) နှစ်အောက် ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ကျင်းပရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ   တာဝန်ရှိသူတစ်ဦးက ဘောလုံးပြိုင်ပွဲ စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်း ပြောကြား ခဲ့သည်။

ဆက်လက်၍ ပြိုင်ပွဲကျင်းပရေးတာဝန်ရှိသူများက ကျောင်းပေါင်းစုံ အသက် (၁၈) နှစ်အောက်  အမျိုးသားနှင့်အမျိုးသမီး ဘောလုံးပြိုင်ပွဲအတွက် အုပ်စုခွဲခြင်းကိုမဲနှိုက်၍ ဆောင်ရွက်ခဲ့ပြီး ပြိုင်ပွဲ ပွဲစဉ်ဇယား ရေးဆွဲခဲ့ကြသည်။

အဆိုပါ ကျောင်းပေါင်းစုံ  (၁၈) နှစ်အောက် အမျိုးသားနှင့်အမျိုးသမီးဘောလုံးပြိုင်ပွဲကို ဇူလိုင်လ ၈ ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ်ကာ အခြေခံပညာကျောင်းများမှ အမျိုးသား/ အမျိုးသမီးပြိုင်ပွဲဝင် အသင်းစုစုပေါင်း ၁၈ သင်း ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

သူရအောင် (နမ့်စန်)