အမရပူရ ဇွန် ၂၈
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့၊ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်း၊ အမရအောင်မြေခန်းမတွင် ၂၀၂၄ ခုနှစ်ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ (World Refrigeration Day) အထိမ်းအမှတ်အဖြစ် အပူချိန်ထိန်းညှိ နည်းပညာတိုးတက်ရေး အလေးထားဆောင်ရွက်ပေး (Temperature Matters-Absolutely) ခေါင်းစဥ်ဖြင့် အသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့သည်။
ရှေးဦးစွာ အမရပူရခရိုင်စီမံ့အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ငြိမ်းက အဖွင့်အမှာစကား ပြောကြား ခဲ့သည်။ ထို့နောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်စောပြည့်မွန်က အပူချိန်ထိန်းညှိနည်းပညာတိုးတက်ရေး အလေးထားဆောင်ရွက်ပေး ခေါင်းစဥ်အောက်မှ ပရော်ဂျက်တာဖြင့် အချက် ၁၁ ချက်ကို ရှင်းလင်းပြောကြားပေးခဲ့သည်။ ယင်းနောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး (ကိုယ်စား) ဒုတိယညွှန်ကြားရေးမှူး ဦးဇော်ထွန်းအောင်က ကျောင်းအတွက် အမှိုက်ပုံးနှင့် သန့်ရှင်းရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်ဦးက လက်ခံရယူခဲ့သည်။ ဆက်လက်ပြီး အဆိုပါခေါင်းစဥ်အောက်မှ အမေးအဖြေကဏ္ဍကို ဆောင်ရွက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူ ၅ ဦးမှ ပါဝင်ဖြေဆိုခဲ့ကြရာ ပါဝင်ဖြေဆိုသူ ၅ ဦးကို တာဝန်ရှိသူများက အမှတ်တရလက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုးသီဟ(အမရ)