အမရပူရ ဇွန် ၂၈
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း တိကျမှန်ကန်စေရေးအတွက် ပန်းခင်းစီမံချက် (၃) ဖြင့် အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေးခြင်းကို ဇွန်လ (၂၆) ရက်နေ့က အမရပူရမြို့ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက် (၃) ဖြင့် အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးခြင်းကို မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စုများအလိုက် ကွင်းဆင်းဆောင်ရွက်ရေးအဖွဲ့များ (တိုက်နယ်မှူးများ) မှ ဆောင်ရွက်ပေးလျက်ရှိပြီး အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းသို့ ပန်းခင်းစီမံချက် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ခဲ့ရာ အကျုံးဝင်သော ကျောင်းသား (၁၁၅) ဦး ကျောင်းသူ (၁၃၅) ဦး စုစုပေါင်း (၂၅၀) ဦးတို့အား ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမရပူရမြို့နယ် ဦးစီးမှူး ဦးတင်ကိုကိုဝင်းထံမှ သိရသည်။
စိုးသီဟ(အမရ)