ဒလမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်လေးများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အားကစားနှင့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

ဒလ ဇွန် ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်လေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ချိန်တွင် မိမိတို့ဝါသနာပါရာ အားကစားနည်းများကို ကြိုးစားသင်ယူလေ့ကျင့်ခြင်းဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ ဒလမြို့နယ် အားကစားနှင့်ကာယပညာဦစီးဌာန၏ စီစဉ်မှုဖြင့် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီခွဲအချိန်က  အ.ထ.က (၁) ယုဇနခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင်  မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်အေးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အားကစားနှင့်ကာယပညာဦစီးဌာနမှ  အားကစားမှူး ဒေါ်အေးနန္ဒာကျော်က အားကစားနှင့် လူငယ်ခေါင်းစဉ်ဖြင့်လည်းကောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၂) ဦးရွှေလှိုင်မှ လူငယ်ရေးရာသိမှတ်စရာများခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောခဲ့သည်။ ဆက်လက်၍ ဒလမြို့နယ် အ.ထ.က(၄) ကျောင်းသား ၊ ကျောင်းသူလေးများက fitness dance သရုပ်ပြသကစားခဲ့ကြသည်။

ထို့နောက်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးရွှေလှိုင်မှ အားကစားပစ္စည်းများအား ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာကြီး ဦးမောင်မောင်စံ ကလက်ခံရယူခဲ့ပြီး  fitness dance သရုပ်ပြသခဲ့ကြသော အ.ထ.က (၄) ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ဆည်မြောင်းဦးစီးဌာနမှ ဦးစီးအရာရှိ  ဦးဇော်ဝဏ္ဏမှ ဂုဏ်ပြုဆုငွေချီးမြင့်ခဲ့သည်။

အခမ်းအနားသို့ အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း  အင်အား (၂၀၀) ဦး တက်ရောက်ခဲ့သည်။

အေးမြမိုး